ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကိုသော်လည်းကောင်း၊ ဒီမိုကရေစီအာဏာရှင်စနစ်ကိုသော်လညး်ကောင်း လက်ခံမည်မဟုတ်ဘဲ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မျက်ခြည်ပြတ်မခံဘဲ ဆက်လက်ကြိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းပါတီက ထုတ်ပြန်လိုက်သည်။
တပ်မတော်က နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းသည့်အပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၆ ရက် နေ့စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ALD ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်က “စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ဟာ ဒီမိုကရေစီမဆန်ဘူး။ စစ်အာဏာရှင်တွေက သူတို့စိတ်ကြိုက်တိုင်းပြည်ကို သူတို့စိတ်မှာ ကောင်းတယ်လို့ထင်တာကိုပဲ လုပ်ကြတဲ့အခါမှာ အများစုရဲ့ ဆန္ဒမပါတဲ့အတွက် သူတို့ချမှတ်တဲ့မူတွေ ကျင်းသုံးလိုက်တာတွေဟာ နောက်ဆုံး ပြည်သူလူထုတွေထံမှာကျရောက်ပြီး ပြည်သူလူထုတွေ ဆင်းရဲဒုက္ခရောက်ကြတယ်။ နိုင်ငံရေးမဖွံဖြိုး ဆင်းရဲဒုက္ခရောက်ကြတယ်။ အဲဒီအတွက် စစ်အာဏာရှင်စနစ်ကို မလိုချင်တော့ဘူး။ အဲဒီလိုပဲ ဒီမိုကရေစီအာဏာရှင်စနစ်ကိုလည်း မလိုချင်ဘူး။ အားလုံး ကိုယ်လုပ်ပိုင်ခွင့်ရတယ်ဆိုပြီး ကျန်လူတွေရဲ့ဆန္ဒကိုမယူဘဲ ကိုယ့်စိတ်နဲ့ကိုယ့်ထင် လုပ်တာတွေကိုလည်း ပါတီအနေနဲ့ လက်မခံဘူး” ဟု ပြောသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်များ၏ အမည်စာရင်းများကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာခဲ့ပြီးဖြစ်ပြီး ကန့်ကွက်သူများကလည်း ကန့်ကွက်ထားကြကာ အဆိုပါအမှုများကို ကြားနာရန် ပြင်ဆင်နေသည့်အခြေအနေတွင် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးကိုရှေးရှု၍ မဲစာရင်းကြီးမားစွာကွာဟနေမှုကို နှစ်ဦးနှစ်ဖက်က ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းကြရန် ALD က တိုက်တွန်းထားသည်။
“ဒီလို အာဏာတွေ အပြောင်းအလဲဖြစ်ရင် နောက်ဆုံးဒုက္ခရောက်ကြတာက တိုင်းသူပြည်သားတွေပဲဖြစ်တယ်။ ဒါကြောင့် အမြင်ယူဆချက်တွေခြားနားတာ၊ ဆန္ဒမတူတာနဲ့ အာဏာကိုသိမ်းတဲ့ကိစ္စတွေ ပေါ်ပေါက်လာရင် လူထုနစ်နာတယ်။ ဖော်ပြချက်အရ မဲစာရင်း အကြီးအကျယ်ကွာဟမှုဖြစ်နေတယ်။ မဲစာရင်းကွာဟမှု အကြီးအကျယ်ဖြစ်နေတယ်ဆိုရင်လည်း ဒါဟာ ပြည်ထောင်စုအချုပ်အချာအာဏာ ကျရှုံးသွားမှာလည်းမဟုတ်၊ပြည်ထောင်စုကြီး ပြိုကွဲသွားမှာလည်းမဟုတ်တဲ့အတွက် ဒါတွေကို ညှိနှိုင်းပြီးဖြေရှင်းကြဖို့ တိုက်တွန်းတာဖြစ်တယ်” ဟု ဦးကျော်မြင့်က ပြောသည်။
လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံသမိုင်းတွင် အကြောင်းအမျိုးမျိုးပြကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ကြပြီး စစ်အာဏာရှင်စနစ်ကို တည်ထောင်ခဲ့ကြခြင်းက နိုင်ငံတကာအလယ်တွင် နိုင်ငံ၏ပုံရိပ်ကို ကျဆင်းစေပြီး ပြည်သူများဆင်းရဲတွင်းနက်ရခြင်း၏ အကြောင်းရင်းဖြစ်ကြောင်း သမိုုင်းကသက်သေထူခဲ့ပြီဖြစ်ကြောင်း ALD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။