ချင်းပြည်နယ် ဝန်ကြီးချုပ်အပါဝင် ဝန်ကြီးလေးဦးတို့ အဆောင်အယောင်များအားလုံးထားခဲ့ပြီး ယနေ့ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းတွင် ဝန်ကြီးအိမ်ယာမှထွက်ခွာကာ မိမိနေအိမ်များသို့ ပြန်မည်ဖြစ်ကြောင်း ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်ထန်ကပြောသည်။
ဝန်ကြီးအိမ်ယာမှထွက်ခွာမည့် ဝန်ကြီးများမှာ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုနှင့် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်ထန်တို့ဖြစ်ကြသည်။
လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်ထန်က “ဦးစိုးထက်နှင့် ဦးဖွေအားတို့ကတော့ မလွတ်သေးတော့ သူတို့အတွက်တော့ ဘယ်လိုနေမလဲတော့မသိဘူး။ ကျွန်တော်တို့ကတော့ ပြင်ဆင်ပြီးပြီ မနက်ဖြန်ထွက်ဖို့ အဆင့်သင့်ဖြစ်ပါပြီ။ အိမ်ယာကနေ ထွက်မယ်ဆိုရင်တော့ Officially ဖြစ်စေချင်တယ်။ ကျွန်တော် သိပ်လက်မခံချင်ဘူး။ သူတို့ပြောတဲ့အတိုင်းပဲ ကိုယ်က လိုက်လုပ်ပေးနေရတာ ပစ္စည်းသိမ်းဘာသိမ်းစဉ်းစားရင် သူတို့ Officially စာထုတ်သင့်တယ် ပိုလည်းကောင်းတာပေါ့” ဟု ပြောသည်။
၎င်းတို့သည် ဝန်ကြီးအိမ်ယာနေအိမ်အတွင်း အကျယ်ချူပ်သဘောဖြင့်ထားရှိကာ အဝင်/အထွက်ဂိတ်ကို တပ်က စောင့်ကြပ်ထားသည်ဟု သိရသည်။
ယခုလက်ရှိတွင် ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့နှင့် ဒုတိယလွှတ်တော်ဥက္ကဌ ဦးတိတ်ထန်းတို့သည် တပ်မတော်က ပြန်လည်လွှတ်ပေးခြင်း မရှိသေးပေ။
ဝန်ကြီးပေါင်လွန်မင်ထန်က “ကျွန်တော်တို့ အခက်အခဲဆုံးနေရာမှာလည်းရပ်တည်မယ် အလွယ်ဆုံးနေရာမှာလည်းရပ်တည်မယ် ပြည်သူနဲ့အတူပဲ ရပ်တည်ဖို့ ကျနော်ကတိပေးပါတယ်” ဟု ပြောသည်။
ချင်းပြည်နယ် စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်ကလည်း ဝန်ကြီးအိမ်ယာမှထွက်ခွါဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုသည်။
“ကိုယ့်အိမ်နဲ့ကိုယ် ပြန်ရမှာပေါ့။ ဒါပေမဲ့ ကိုဗစ်ကာလလည်းဖြစ်တယ်၊ ပစ္စည်းတွေလည်း ချက်ခြင်းပို့ဖို့မလွယ်ဘူး။ အားလုံးပြင်ဆင်ပြီးပြီ။ ကိုယ့် Personal သယ်သွားမယ့်ဟာလောက်ပဲ ကျန်ခဲ့တယ် ကျွန်တော်တို့ ရန်ကုန်ပြောင်းဖို့အတွက် အဆင်ပြေတဲ့ထိကိုတော့ ဟားခါးမှာနေရမှာ” ဟု ဝန်ကြီးမန်ဟင်းဒါလ်က ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်မနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြေညာစာအမှတ် ၁/ ၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေးလုပ်ငန်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းလိုက်ကြောင်း ကြေညာခဲ့သည်။