ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်၊ အလံများကို အရပ်ဝတ်နဲ့လူတစ်စုက လာရောက်ဖြုတ်သိမ်းသွားခြင်းဖြစ်

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်၊ အလံများကို အရပ်ဝတ်နဲ့လူတစ်စုက လာရောက်ဖြုတ်သိမ်းသွားခြင်းဖြစ်
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်၊ အလံများကို အရပ်ဝတ်နဲ့လူတစ်စုက လာရောက်ဖြုတ်သိမ်းခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အလုပ်အမူဆောင် ဦးစိုင်းကျော်သူစိုးက ပြောသည်။

စစ်အစိုးရမှ အာဏာသိမ်းပြီး ၃ ရက်အကြာတွင် ဖေဖော်ဝါရီ ၃ ရက် နံနက်တွင် ပါတီမှတာဝန်ရှိသူများအား အသိပေးခြင်းမရှိဘဲ လာ ရောက်ဖြုတ်သွားခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အလုပ်အမူဆောင် ဦးစိုင်းကျော်သူစိုးက ပြောသည်။

"ဘယ်သူဖြုတ်လဲတော့ မသိဘူး ဓါတ်ပုံရိုက်တဲ့ထဲမှာ အရပ်ဝတ်နဲ့ လာဖြုတ်နေတာတော့တွေ့လိုက်တယ်။ အလံဘဲဖြုတ်တာမဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ စာလုံးတွေတောင်ဖြုတ်တာ LOGO တွေရှိတဲ့ဟာ အားလုံးဖြုတ်သွားတာ။ ကျွန်တော်တို့ကို ဘယ်သူမှအကြောင်းမကြားဘူး ရုံးထဲလည်း ဝင်လို့မရတော့ဘူး။ တရားဝင်ပါတီမို့ ရွေးကောက်ပွဲဝင်ပြိုင်တာလေ ခုတော့ ဘာလုပ်တယ်လည်းမပြောဘဲနဲ့ ခုလိုဖျက်သိမ်းတာဆိုတော့ ပြီးတော့ နေရာတိုင်းလုပ်တယ်ဆိုလည်း တစ်မျိုးလေ ခုတော့ လုပ်တဲ့နေရာကလုပ်ပြီး မလုပ်တဲ့နေရာကမလုပ် အဲလိုဖြစ်နေတော့ အဖွဲ့ချုပ်ကလည်း ကြေညာချက်ထုတ်ထားတယ်” ဟု ပြည်နယ်အလုပ်အမူဆောင် ဦးစိုင်းကျော်သူစိုးကပြောသည်။

ယင်းသို့ ပါတီဆိုင်းဘုတ်၊ အလံများဖြုတ်သိမ်းခြင်းနှင့်ပတ်သက်၍ ပြည်နယ်ရုံးအပြင် မြစ်ကြီးနားခရိုင်ရုံးကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အချို့မြို့နယ်ပါတီရုံးများကို စီးနင်းရှာဖွေခံရခြင်းများလည်းရှိခဲ့ပြီး မိုးညှင်းမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းက ပြောသည်။

“ကျွန်မတို့ရုံးကိုတော့ ဆိုင်းဘုတ်ဖြုတ်ခိုင်းထားတာတွေတော့ မရှိပါဘူး။ ဒါပေမယ့် အစ်မတို့ရုံးကိုတော့ ဝင်ပြီး ပစ္စည်းတွေသိမ်းတယ်။ သိမ်းတာကို ကျွန်မက တရားဝင်ဘာရချင်သလဲ၊ ရချင်တဲ့ဟာကို ကျွန်မကိုယ်တိုင် ဖွင့်ပြီးပေးလိုက်တာပါ။ အဲကြောင့် ဘာတွေယူသွားလဲဆိုတာကို ကျွန်မတို့ မှတ်တမ်းယူထားတယ်။ သူတို့လည်း မှတ်တမ်းယူထားတယ်။ အဲဒါမှသာလျှင် တရားဝင်ဖြစ်မှာလေ။ ကျွန်မတို့က တရားဝင်ဖွဲ့စည်းပါတီဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ဖျက်သိမ်းသေးတာမဟုတ်တဲ့အတွက် ဒီလိုပြုကျင့်သာ လုံးဝလက်မခံပါဘူး” ဟု အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဖေဖော်ဝါရီ ၃ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ ယင်းထုတ်ပြန်ချက်တွင် တပ်မတော်မှ အာဏာရယူပြီးနောက် တိုင်းနှင့်ပြည်နယ်အချို့ရှိ ရုံးများတွင်း စီးနင်းခြင်း၊ စာရွက်စာတမ်းသိမ်းဆည်းခြင်း၊ကွန်ပြူတာ၊ လက်တော့ပ်များသိမ်းဆည်းခြင်းများ တရားမဲ့ပြုလုပ်မူများအား ကန့်ကွက်ကြောင်းနှင့် အဆိုပါ တရားမဲ့ပြုကျင့်မူများအား သက်ဆိုင်ရာတာဝန်ယူထားသူများက အမြန်ဆုံးတားမြစ်ပေးကြရန် တိုက်တွန်းထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...