တပ်မတော်ကအာဏာသိမ်းစဉ် ဖမ်းဆီးသွားသူများအနက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးသုံးဦးနှင့် NLD ပါတီမှ သုံးဦး လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်အလုပ်အမူဆောင် ဦးစိုင်းကျော်သူစိုးက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် ဥက္ကဌ၊ မြို့နယ်ဥက္ကဌများ ထိန်းသိမ်းခံရပြီး ဖေဖော်ဝါရီ ၂ ရက်တွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့၊ လွှတ်တော်ကိုယ်စားလှယ်အချို့ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ဝန်ကြီးသုံးဦးနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ပြည်နယ်ပါတီဥက္ကဌတို့ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ပြည်နယ်အလုပ်အမူဆောင် ဦးစိုင်းကျော်သူစိုးက ပြောသည်။
“ဝန်ကြီးတွေကိုတော့ ဆက်သွယ်လို့မရတော့ဘူး။ သူတို့အရင်က ကိုင်တဲ့ဖုန်းနံပါတ်တွေလည်း မကိုင်ကြတော့ဘူးဆိုတော့ မိသားစုတွေဆီကတစ်ဆင့် ဆက်သွယ်ရရှိတာပါ။ ခုကြားရတဲ့သတင်းအရ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ လူမူရေးဝန်ကြီး ဦးနေဝင်း၊ လူဝင်မူကီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်ပါတီအဖွဲ့ချုပ်ဥက္ကဌ ဦးမြသိန်း၊ ဖားကန် ပြည်နယ်လွှတ်တော်တော်ကိုယ်စားလှယ် ဦးတင့်စိုး ပြီးတော့ အရင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း၊ ဝန်ကြီးသုံးပါးနဲ့ ပါတီက သုံးယောက် ကျန်နေသေးတယ်လို့ သိရတယ်။ ပြီးတော့ လယ်ဆည်ဝန်ကြီး ဦးကျော်ကျော်ဝင်းလည်း ပြန်မလွတ်သေးဘူးလို့တော့ ကြားနေရတယ်။ အဆက်အသွယ်မရသေးဘူး ခုချိန်ထိ” ဟု ပြည်နယ်အလုပ်အမူဆောင် ဦးစိုင်းကျော်သူစိုးက ပြောသည်။
ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၁ ရက်တည်းတွင် ထိန်းသိမ်းခံရသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ကိုယ်စားလှယ် ၃ဝ ကျော်ခန့်ရှိပြီး မြို့နယ် NLD ပါတီဥက္ကဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
သတင်းများအရ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည်လည်း အကျယ်ချုပ်ခံထားရသေးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယင်းသတင်းနှင့်ပတ်သက်၍ BNI အနေဖြင့် အတည်ပြုနေဆဲပင်ဖြစ်သည်။
"အရင်ရှိတဲ့ ဖုန်းနံပါတ်ကပေးမကိုင်တော့ ကျွန်တော်တို့လည်း ခုချိန်ထိ ဆက်သွယ်လို့မရပါဘူး။ ဒါပေမယ့် ဝန်ကြီးအိမ်မှာဘဲ ရှိနေတယ်လို့တော့ ကြားတယ်” ဟု ဦးစိုင်းကျော်သူစိုးကပြောသည်။