ပဲခူတိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဌလည်းဖြစ်သူ အုတ်ဖိုမြို့နယ် အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စောသူရအောင် (ကဗျာဆရာ မုန်းအောင်) ကို ထိန်းသိမ်းထားရာမှ ယနေ့မွန်းလွဲပိုင်းတွင် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“မနက် ၄ နာရီလောက်မှာ ကျွန်တော်အိမ်ကိုလာခေါ်တယ်၊ ကျွန်တော်တို့မြို့က (အုပ်ဖို) ခလရ-၆ မှာထားတယ်။ နောက် နေ့လည်ပိုင်းလောက်မှာ မင်းလှ ခလရ-၁ ကိုရောက်တယ်။ မကြာဘူး သူတို့ အိမ်ပြန်ပို့ပေးတယ်၊ ပြောရမယ်ဆို တစ်မနက်ခေါ်ထားတယ်ပေါ့” ဟု ကဗျာဆရာ မုန်းအောင်က ပြောသည်။
ထိုသို့ ခေါ်ဆောင်ထားစဉ် ထွေထွေထူးထူးမေးမြန်းမှုများ ပြုလုပ်ခြင်းမျိုးမရှိကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌတို့ကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ပဲခူးတိုင်းမှလာသော သတင်းများအရ သိရသည်။