မြန်မာ့တပ်မတော်ဖမ်းဆီခဲ့သော ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းကျေးရွာအုပ်စု ပုံနွဲ့ကျေးရွာနေ ကျားနီပါတီ၏စည်းရုံးရေးမှူး ဦးမောင်သိန်း နှစ်လကျော်ကြာသည်အထိ တရားရင်ဆိုင်ရခြင်းမရှိသေးကြောင်း ထိုအရေးကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီး ဒေါ်မွှေးမွှေးခင်ကပြောသည်။
ဦးအောင်သိန်းကို တပ်မတော်ကဖမ်းဆီးသွားပြီးနောက် အမှုဖွင့်၍ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းခဲ့သော်လည်း ကိုဗစ်ကာလ တရာရုံးများမဖွင့်သေးသဖြင့် တရားရင်ဆိုင်ရခြင်းမရှိခြင်းဖြစ်သည်ဟု ဆိုသည်။
“တရာရင်ဆိုင်ဖို့က တရားရုံးတွေမဖွင့်သေးလို့ပါ။ သူက တရားရုံးကဖွင့်ရင် သူကတော့ ရုန်းထွက်နိုင်ပါတယ်။ သူ့မှာသက်သေတွေလဲ ခိုင်ခိုင်လုံလုံရှိထားတော့လေ။ အခုက ရဲဘက်ကိုလွှဲလိုက်ပြီပေါ့။ ရဲကလည်း တရားရုံးတင်ပြီဆိုတော့ တရားရုံးကပဲ ဆုံးဖြတ်သွားမယ်သဘောရှိတော့တာ” ဟု ၄င်းကပြောသည်။
အဆိုပါ ဦးအောင်သိန်းအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် မည်သည့်ပုဒ်မဖြင့်တရားဆွဲထားသည်ကို တိတိကျကျပြောကြားခြင်းမရှိသော်လည်း ပုဒ်မ ၄၁၇ ဖြင့် အမှုဖွင့်ထားသည်ဟုသာ ကြားသိခဲ့ရကြောင်း ဒေါ်မွှေးမွှေးခင်က ဆက်လက်ပြောသည်။
ရာဇသတ်ကြီးပုဒ်မ ၄၁၇ သည် ရာဇသတ်ကြီး အခန်း ၁၇ “ပစ္စည်းကိုထိခိုက်သောပြစ်မှုများ” ထဲပါဝင်ပြီး “လိမ်လည်မှု” ခေါင်းစဉ်အောက်တွင်ရှိကြောင်း သိရသည်။
"ရှမ်းနီပါတီဘက်ကတော့ ရှေ့နေတွေဘာတွေငှားပေးထားပါတယ်။ သူ့ကို သွားတွေ့ခဲ့တယ်။ ကျမ်းမာရေးလည်းကောင်းတယ်။ အားလုံးအခြေအနေကောင်းပါတယ်။ ဟိုမှာနေရတာလည်း သပ်သပ်ရပ်ရပ်လေးတော့ရှိပါတယ်” ဟု ဒေါ်မွှေးမွှေးခင်ကပြောသည်။
အရပ်ဝတ်နှင့်လူနှစ်ဦးက မာလုံကျေးရွာရှိ ဦးစောဖကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက် ညပိုင်းတွင် လာရောက်ဖမ်းဆီးမှု၌ ဦးမောင်သိန်းပါဝင်ကြောင်း ဦးစောဖ၏သမီးက တိုင်တန်းခဲ့ပြီးနောက် ကျားနီပါတီ၏စည်းရုံးရေးမှူး ဦးမောင်သိန်းကို ၂၀၂၀ ပြည့်နှစ်အောက်တိုဘာ ၂၇ ရက်ညပိုင်းတွင် မြန်မာ့တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။