ကချင်ပြည်နယ်တစ်ခုလုံးတွင် အမျိုးသမီးအုပ်ချုပ်ရေးမှူးပါဝင်မှု လွန်စွာနည်းပါးခြင်းကြောင့် လာမည့်ရွေးချယ်ပွဲတွင် အမျိုးသမီးများပိုမိုပါဝင်ရန်လိုအပ်နေ

ကချင်ပြည်နယ်တစ်ခုလုံးတွင် အမျိုးသမီးအုပ်ချုပ်ရေးမှူးပါဝင်မှု လွန်စွာနည်းပါးခြင်းကြောင့် လာမည့်ရွေးချယ်ပွဲတွင် အမျိုးသမီးများပိုမိုပါဝင်ရန်လိုအပ်နေ
by -
ခေါင်ညွယ်/ KNG

၂၀၁၅ - ၂၀၂၀ခုနှစ် အစိုးရသက်တမ်းအတွင်း ကချင်ပြည်နယ်တစ်ခုလုံးတွင် အမျိုးသမီးအုပ်ချုပ်ရေးမှူးပါဝင်မှု လွန်စွာနည်းပါးခြင်းကြောင့် လာမည့်ရွေးချယ်ပွဲတွင် အမျိုးသမီးများပိုမိုပါဝင်ရန်လိုအပ်ကြောင်း မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဝင်းက တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့် အစိုးရသက်တမ်းငါးနှစ်အတွင်း ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် အမျိုးသမီးအုပ်ချုပ်ရေးမှူးငါးဦးသာပါဝင်ပြီး ယခုအခါ လာမည့်အစိုးရသက်တမ်းအတွင်း တာဝန်ထမ်းဆောင်မည့် ရပ်ကျေး၊ အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းများအား စတင်လုပ်ဆောင်နေပြီဖြစ်သည်။

" ညအချိန်မတော်ကြီးယာဉ်တိုက်မှုဖြစ်ရင် အုပ်ချုပ်ရေးမှူးဆိုတာ ဖြစ်တဲ့နေရာကိုသွားရတယ်။ အကယ်၍များ အချိန်မခါမတော် အမျိုးသမီးဖြစ်ရင် သူ့လုံခြုံရေးအတွက် အခက်ခဲရှိနိုင်တယ်။ဒါပေမယ့် ယောကျာ်းနဲ့ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်တဲ့ အမျိုးသမီးတွေလည်းရှိနိုင်တယ်။ ဥပဒေမှာလည်း အမျိုးသမီး၊ အမျိုးသားမခွဲခြားထားဘူး။ အဲကြောင့်အမျိုးသမီးများသည် အရည်အချင်း ရှိလာတယ်ဆိုရင် ကျနော်ဖိတ်ခေါ်တယ် ဝင်ရောက်အရွေးချယ်ခံပါ မျှော်လင့်တယ် နေရာလည်းပေးချင်တယ် အမျိုးသမီးအုပ်ချုပ်ရေးမှူးလည်း လိုလားနေပါတယ် ဝင်ရောက်အရွေးချယ်ခံနိုင်အောင်လည်း ကြိုးစားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ၎င်း ကပြောသည်။

ကချင်ပြည်နယ် မြို့နယ်၁၈မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၈၇ခု၊ ရပ်ကွက်၁၇၈ခု စုစုပေါင်း ၇၆၅ခု ရှိပြီး အုပ်ချုပ်ရေးမှူး ၇၆၅ ဦးရှိသည့်အနက် အမျိုးသမီးအုပ်ချုပ်ရေးမှူးအဖြစ် ချီဖွေမြို့နယ် ပန်ဝါအမှတ် ၃ ရပ်ကွက်တွင် တစ်ဦး၊ အင်ဂျန်းယန်မြို့ နယ်အမှတ် ၂ ရပ်ကွက်တွင် တစ်ဦး၊ မြစ်ကြီးနားမြို့နယ် မင်းရပ် ရပ်ကွက်တွင် တစ်ဦး၊ ခေါင်လန်ဖူး အမှတ် ၁ တွင် တစ်ဦး၊ အမှတ် ၂ တွင် တစ်ဦး၊ ဗန်းမော်မြို့နယ် ခုလိကျေးရွာ အုပ်စုတွင် တစ်ဦး စုစုပေါင်း ၅ဦးဖြစ်ကြောင်း ကချင်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုညွှန်ကြားရေးမှူးထံမှ သိရသည်။

မြန်မာနိုင်ငံတွင် UND၏ဖော်ပြချက်အရ လက်ရှိ ရပ်ကွက်၊ကျေးရွာ အုပ်စု၊အုပ်ချုပ်ရေးမှူး ၁၆၈၂၉ ဦးရှိသည့်အနက် အမျိုးသမီးပါဝင်မူ ၁၀၁ ဦးရှိကြောင်း သိရှိသည်။

ထို့ကြောင့် အမျိုးသမီးများအနေဖြင့် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဝင်ရောက်အရွေးခံသင့်သည့်အပြင် အမျိုးသမီးများ၏ လုပ်ကိုင်နိုင်စွမ်းများပြသရန် လိုအပ်ကြောင်း ဆော့လော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ခုလိုပြောသည်။

“ခုခေတ်အမျိုးသမီးတွေက အရင်ကအမျိုးသမီးတွေနဲ့အရမ်းဘဲ ကွာခြားနေပါပြီ အမျိုးသမီး တွေကိုယ်တိုင်ကားမောင်းနိုင်တယ်။ ဆိုင်ကယ်မောင်းနိုင်တယ်။ဥပမာ ညသန်းခေါင်ကြီး သွားရမယ့်ဟာမျိုး မိသားစုရှိတယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေရှိတယ်။ ဘယ် နေရာဖြစ်ဖြစ်သွားလို့ရတာဘဲ။ ဘာဘဲဖြစ်ဖြစ် ယောကျာ်းတွေနဲ့ရင်ဘောင်တန်းပြီး လုပ်နိုင်တဲ့ အမျိုးသမီးတွေလည်း အများကြီးရှိ လာပါပြီ။ အဲကြောင့် ကျွန်မဆို ကျွန်မရဲ့မဲဆန္ဒနယ်က အမျိုးသမီးတွေကို ဝင်ရောက်အရွေးခံဖို့လည်း တိုက်တွန်းနေပါတယ်”ဟု  ဆော့လော်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူကပြောသည်။

အုပ်ချုပ်ရေးမှူးဝင်ရောက်အရွေးခံရန်အတွက် သတ်မှတ်အရည်အချင်းတွင် အသက်၂၅နှစ်ပြည့်ပြီး ရပ်ကွက်ကျေးရွာအတွင်း အနည်းဆုံးငါးနှစ်နေထိုင်သူ၊ အများကလေးစားထိုက်သူ အစရှိသည့် မည်သူမဆိုဝင်ရောက်ရွေးချယ်နိုင်သည့် ဥပဒေတွင်ပြ ဌာန်းထားသော်လည်း အမျိုးသမီးများသည် အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး၊ဆယ်အိမ်မှူး ဝင်ရောက်ရွေးခံရန် ရိုးရာယဉ်ကျေးမှု အရ သော်လည်းကောင်း၊ ကျား၊မရေးရာအရသော်လည်းကောင်း ခွဲခြားဆက်ဆံခံရခြင်းများလည်း ရှိနေကြောင်း မိုင်းနားအုပ်စု၊လဘန်ကျေးရွာမှ ဆယ်အိမ်မှူးဒေါ်ခါးတောမ်ကပြောသည်။

"ဥပဒေအရဆို ဆယ်အိမ်မှူးကနေ ပြန်ရွေးချယ်ရင် ရာအိမ်မှူး ဥပဒေအရဆို ကျွန်မလုပ်နေပြီလို့ပြောတာ ရွာကလူကြီးတစ်ယောက် ဘယ်လိုပြောလဲဆိုတော့ ဒီရွာမှာယောကျာ်းလေးတွေအကုန်သေကုန်မှ ဥက္ကဌလုပ်လို့ရမယ်ဆိုပြီးပြောတယ်။အဲလိုပြောတော့ ကျွန်မ တို့မိန်းကလေးတွေကို အရမ်းနှိမ်ကြတယ်။ သူတို့အမျိုးသားတွေ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီးမေးတာတွေ ပြီးတောကိုယ့်ရွာက ပြည်သူတွေရဲ့လိုအပ်ချက်တွေမေးရင် သူတို့ဘာသိလဲ၊ သူတို့ဘာလုပ်ပေးနိုင်လဲ၊ ဥပမာ ရွာမှာမိန်းကလေးတွေအကြမ်း ဖက်ခံရလည်း သူတို့က ရိုးရာအနေနဲ့ဘဲ အလွန်ဆုံး နှစ်သိန်းသုံးသိန်းလောက်ပေးတယ်။ဒါမျိုးတွေဆိုကျွန်မတို့ အမျိုးသမီးတွေက ပိုပြီး ထဲထဲဝင်ဝင်လုပ်ဆောင်ပေးနိုင်တယ်”ဟု ဆယ်အိမ်မှူးဒေါ်ခါးတောမ်တောမ်ကပြောသည်။

အမျိုးသမီးများတွင် အမျိုးသားများနှင့် မတူညီသည့်အတွေးအခေါ်များရှိသည့်အတွက် အမျိုးသမီးများအနေဖြင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး ရွေးချယ်ရာတွင် အမျိုးသမီးများကိုယ်တိုင်လည်း ပါဝင်မဲပေးရွေးချယ်ရန် လိုအပ်ကြောင်း Kachin State Women Network မှ တာဝန်ခံ ဆရာမအောင်းဂျာက ပြောသည်။

"ရပ်ရေး၊ရွာရေးကိစ္စတွေမှာ အမျိုးသမီးတွေမှာရဲ့မတူညီတဲ့ အတွေးအခေါ်ရူထောင့်ကနေပါဝင်လာစေဖို့ ဒါတွေကို ဒါတွေကို ကျွန်မတို့စိတ်အားထက်သန်မူတွေရှိတယ်။အမျိုးသမီးတွေရဲ့သဘာဝကိုက စေ့စပ်ဖြေရှင်းနိုင်တယ်။ ပဋိပက္ခာကို လျော့ချနိုင်တဲ့ဟာ တားဆီးနိုင်တဲ့စွမ်းရည်တွေရှိတဲ့အတွက် ဒီလိုမျိုးမတူညီတဲ့အရည်အချင်းတွေရှိတဲ့ အမျိုးသမီး ဆယ်အိမ်မှူး၊ရာအိမ်မှူး အုပ်ချုပ် ရေးရှိလာခြင်းအားဖြင့် ကိုယ့်ရဲ့ရပ်ရေး၊ရွာရေး မြို့နယ် ပြည်နယ်အတွက် အများကြိီးအထောက်အကူပြုလာလိမ့်မယ်လို့ ကျွန်မကတော့မြင်ပါတယ်။"ဆိုပြီး Kachin State Women Network မှ တာဝန်ခံ ဆရာမအောင်းဂျာက ဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...