လက်နက်ကိုင်အဖွဲ့များက တိုင်းရင်းသားများအပေါ် လူအခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အစိုးရအဆက်ဆက် ကာကွယ်မပေးနိုင်ခဲ့ကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းရေးရာအဖွဲ့မှ ဒု-ဥက္ကဌ ဦးစိုင်းခင်မောင်အေးက ဝေဖန်ပြောကြားခဲ့သည်။
တိုင်းရင်းသားများအပေါ် လူအခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အထူးသဖြင့် ဒေသအာဏာပိုင်များဖြစ်သော တပ်မတော်နှင့် ရဲတပ်ဖွဲ့များက တိုင်းရင်းသားပြည်သူများအေပါ် ထိရောက်စွာ အကာအကွယ်မပေးနိုင်ခဲ့ဟု ဆိုသည်။
“ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားတွေဟာ များသောအားဖြင့် ရိုးသားတယ်၊ ပွင့်လင်းတယ်၊ ကြောက်တတ်တယ်။ ကေအိုင်အေ၊ ကေအိုင်အို ပြောရေးဆိုခွင့်ရှိတဲ့သူတွေကို ကျွန်တော်တို့က တွေ့ဆုံပြီးတော့ တောင်းဆိုပြီးပြီ၊ ပြောလည်းပြောပြီးပြီ။ လူမသတ်ပါနဲ့လို့ ပြောပြီးပြီ၊ အခုလည်း ထပ်သတ်တယ်။ တာဝန်ရှိတဲ့ အစိုးရအဆက်ဆက်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက တိုင်းရင်းသားပြည်သူတွေကို ထိရောက်စွာ အကာအကွယ်မပေးနိုင်ဘူး“ ဟု ဦးခင်မောင်အေးက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စတဲ့ နိုင်ငံအကြီးအကဲတွေထံ စာပေးပို့၍ ကချင်လက်နက်ကိုင်အဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ပေးဖို့ တောင်းဆိုတာတွေရှိခဲ့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိကြောင်း သိရသည်။
“ဒီအတိုင်းပဲ အစိုးရရော၊ စစ်တပ်တို့ ရဲတို့ကအစ ဒီတိုင်းပဲ လက်ပိုက်ကြည့်နေကြအုံးမယ်ဆိုရင ်တော့ ကျွန်တော်တို့ ဖားကန့်မြို့နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ လူမှုဘဝလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုတာကတော့ ဘယ်လိုမှ ဖြစ်လာနိုင်အုံးမှာမဟုတ်ဘူး။ အဲဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ တာဝန်ယူခိုင်းစေချင်တယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ပါတယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကိုက လွှတ်တော်ထဲမှာ ကျကျနန ဆွေးနွေးပြီးတော့ ဒီကိစ္စကို ဘယ်လိုပုံစံ စီမံချက်ထားပြီး ဆောင်ရွက်ကြမယ်။ အဲတာလေးတွေကိုလည်း တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိခိုင်းစေချင်တယ်” ဖားကန့်မြို့မှဒေသခံ ရှမ်းနီတိုင်းရင်းသားတစ်ဦးက ပြောသည်။
တိုင်းရင်းသားအချင်းချင်း လူအခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၆ ရက်တွင် အင်းတော်ကြီး၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဖားကန့်၊ တာမခံ၊ ဗန်းမောက်၊ ဝန်းသို၊ ဟုမ္မလင်းစ သောဒေသများမှ ရှမ်းနီနှင့် ရှမ်းတိုင်းရင်းသားပြည်သူတွေပူးပေါင်း၍ မိုးညှင်းမြို့ အရှေ့စုရပ်ကွက် ရွှေသာလျောင်းဇာတ်ရုံကနေ မြို့တွင်းကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
Published
Thursday, January 28, 2021
တိုင်းရင်းသားများအပေါ် လူအခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အစိုးရအဆက်ဆက် ကာကွယ်မပေးနိုင်ခဲ့ဟု မြန်မာပြည်မြောက်ပိုင်း ရှမ်းရေးရာအဖွဲ့မှ ဒု-ဥက္ကဌဝေဖန်