ကုန်ထုတ်လမ်းခက်ခဲသဖြင့် ရသလို အရောင်းအဝယ်ပြုလုပ်နေရခြင်းကြောင့် စပါးစျေးနှိမ်ဝယ်ယူမှုများ၊ အချိန်အတွယ် ခိုးယူခံနေရမှုများအား လာမည့်အစိုးရသစ်အနေဖြင့် ဖြေရှင်းပေးရန် အင်းတော်ကြီးဒေသမှ တောင်သူလယ်သမားများက မျှော်လင့်လျက်ရှိကြောင်း သိရသည်။
“အစိုးရအနေနဲ့ကတော့ စပါးဈေးကို ၅၀၀၀ သတ်မှတ်ပေးထားတာတော့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာက ကုန်ထုတ်လမ်းတွေမရှိတော့ စပါးဝယ်တဲ့ ကုန်သည်တွေက စျေးနှိမ်ပေးတာတွေ ရှိတယ် ကတ္တားအချိန်အတွယ်တွေကလဲ မမှန်ဘူး။ အစိုးရအနေနဲ့ ထိန်းချုပ်ပေးတာလဲမရှိဘူးဖြစ်နေတယ်“ ဟု တောင်သူ ကိုစိုင်းဌေးအောင်ကပြောသည်။
စပါးကုန်သည်များအနေဖြင့် ကုန်ထုတ်လမ်းမကောင်းသည်ကို အကြောင်းပြ၍ စပါစျေးနှိမ်ကာဝယ်ယူခြင်းများနှင့် အချိန်အတွယ်များကို ခိုးယူခြင်းများကို တောင်သူများအနေဖြင့် သိရှိသော်လည်း ဖြေရှင်းရမည့်နည်းလမ်းများ မသိရှိသောကြောင့် နောက်တပ်မည့်အစိုးရအနေဖြင့် ထိရောက်စွာအရေးယူပေးရန်သာမျှော်လင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ကျွန်တော်တို့နေရာဆိုရင် ကုန်ထုတ်လမ်းတွေကောင်းတယ်။ အင်းတော်ကြီးထဲက တစ်ချို့နေရာတော်တော်များများ ကုန်ထုတ်လမ်းမကောင်းသေးဘူး။ ကျွန်တော်တို့လို ကုန်ထုတ်လမ်းကောင်းတဲ့နေရာကနေ စပါးရောင်းမယ်ဆိုရင်လည်း အလေးချိန်မှ အများကြီးခိုးထားတာတွေ တွေ့နေရတယ်။ ဒီကိစ္စကို ဘယ်လိုလုပ်မလဲဆိုတာက ကျွန်တော်တို့ တောင်သူတွေအနေနဲ့ ဘာမှမသိဘူးလေ။ စပါးပေါ်ချိန်ဆိုရင် ကျွန်တော်တို့ ငွေလဲလိုနေပြီ။ မရောင်းရင်လည်းမရဘူးလေ။ အဲတော့ မတရားမှန်းလဲသိတယ်။ မရောင်းလို့လည်းမရတဲ့အနေအထားဆိုတော့ ရောင်းလိုက်ရတာပါပဲ။ ဒီကိစ္စကို အစိုးရလူကြီးမင်းတွေက ဖြေရှင်းပေးဖို့ပဲ မျှော်လင့်ပါတယ်” အင်းတော်ကြီးဒေသမှ တောင်သူ ဦးထွန်းရွေက ပြောသည်။
မိုးညှင်းမြို့နယ်တစ်ခုလုံးတွင် လယ်ယာမြေဧက ၈၅၅၂၂ ဧကရှိပြီး အင်းတော်ကြီးဒေသတွင် အများဆုံးဖြစ်ကာ ကုန်ထုတ်လမ်းမကောင်းဆုံးဒေသသည်လည်း အင်းတော်ကြီးဒေသပင်ဖြစ်ကြောင်း သိရသည်။