လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချမှုနှင့် ဥပဒေနှင့်မညီပဲ ပုံစံ ၇ ထုတ်ပေးသောဝန်ထမ်းတွေစိစစ်၍ အရေးယူသွားမည်ဖြစ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည့် ကယားပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး ကယားပြည်နယ်လွိုင်ကော်မြို့နယ်အတွင်း လယ်ယာမြေများကို အကွက်ရိုက်ရောင်းချနေခြင်းနှင့်ပတ်သက်၍ မည်သို့အရေးယူမလဲဆိုသည့်မေးမြန်းချက်အပေါ် ဝန်ကြီးဦးမော်မော်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“လွိုင်ကော် ခရိုင် အတွင်း လယ်ယာမြေများပေါ်မှာ ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်ရောင်းချမှုတွေ ကျူးကျော်နေထိုင်မှုတွေနဲ့ ပတ်သက်ပြီးတော့ တတိယအကြိမ် သတိပေးတားမြစ်စာထုတ်ပြန်ပြီး သတ်မှတ်ထားတဲ့ရက်မတိုင်မီ ခြံစည်းရိုးတိုင်တွေဖြုတ်ခြင်း နေအိမ်ဆောက်လုပ်မှုများဖျက်သိမ်းခြင်း မရှိဘူးဆိုရင် လယ်ယာမြေ ဉပဒေပုဒ်မ ၁၉ အရ လယ်ယာမြေ နည်း ဉပဒေများနဲ့အညီ စုံစမ်းစစ်ဆေးပြီး လယ်ယာမြေ စီမံခန့်ခွဲမှု အောက်မှာ ဖော်ပြတဲ့ အမိန့်ထဲကဖြစ်စေ တစ်ရပ်ထက်ပိုပြီးတော့ဖြစ်စေ ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးမော်မော်က ပြောသည်။
လွိုင်ကော်မြို့ ထေးသမရပ်ကွက်၊ ဒေါမူကလားကျေးရွာသို့သွားသည့်လမ်းဘေးရှိသော လယ်ယာမြေများ၊ နန်းကွတ် ရပ်ကွက်၊ ရေနီကန်၊ ကယန်းသာယာတောင် စသော ကျေးရွာများနှင့် လွိုင်ကော်မြို့နယ်တွင်းရှိ နိုးကူး ကျေးရွာ အုပ်စု ၊ လောပိတမြို့၊ ,ချိကယ် ကျေးရွာ အုပ်စု၊ ပန်းကန်းကျေးရွာ အုပ်စု၊ ကုန်းသာ ကျေးရွာ အုပ်စု၊ ပိန်းချစ် ကျေးရွာ အုပ်စု၊ မိုင်းလုံးရပ်ကွက်၊ ဒေါဥခူ ရပ်ကွက် စသော နေရာများတွင်လည်း လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်မရဘဲ ဉပဒေမဲ့ ခြံကွက် ရိုက်ခြင်း ၊ အဆောက်အဦးဆောက် လုပ်ခြင်းများ ရှိနေကြောင်း သိရသည်။
“လက်ရှိမှာ လယ်ယာမြေ အကွက်ရိုက် ရောင်းချမှုတွေ၊ ကျူးကျော်နေထိုင်မှုတွေနဲ့ ပတ်သက်ပြီး တားမြစ်စာနှစ် ကြိမ်ထုတ်ပြန်ပြီးသွားပြီဖြစ်ပါတယ်။ ၃ကြိမ်မြောက် ထုတ်ပြန်ပြီးတဲ့အချိန်မှာ နေရာကနေ မဖယ်ပေးရင် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ဦးမော်မော်ကပြောသည်။
မေးခွန်းမေးမြန်းသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက “တကယ်ထိထိရောက်ရောက်လုပ်မှ စံပြနမူနာလုပ်မှ တိုးတက်မှာ။ စံပြနမူနာမလုပ်ဘူးဆိုရင် ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ ကျွန်တော်တို့အမြင်ပေါ့နော်။ ဘယ်သူ့ဖက်မှာ လိုက်နေတာမဟုတ်ဘူး။ ဒီဝန်ထမ်း တစ်ယောက်က ခြစားလာဘ်စားနေတဲ့ဟာကို အထက်လူကြီးတွေက ဖိစရာဖုံးစရာမလိုဘူး။ အမှန်မှာ ထိထိ ရောက်ရောက် ရေရှည် ပြည်သူအားကိုးတဲ့အစိုးရပေါ့နော ပြည်သူကဘယ်လောက်ပဲအားကိုးကိုး အစိုးရကမ ဆောင်ရွက်ပေးနိုင်ဘူးဆိုရင် အလကားဖြစ်မှာပဲလေ”ဟု ပြောသည်။
လယ်ယာမြေများကို တလွဲအသုံးချပါက လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၉ အရ သတ်မှတ်ထားသော ဒဏ်ကြေးငွေ ဆောင်စေခြင်း ၊ သတ်မှတ်တဲ့ နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း ၊ လယ်ယာမြေ ပေါ်တွင် ခွင့်မပြုဘဲ ဆောက်လုပ်ထားသော အဆောက်အဦးများကို ဖယ်ရှားခြင်းတို့ ဖြစသည်။
ထို့ပြင် ဥပဒေနှင့်မညီဘဲ ပုံစံ၇များ ဝန်ထမ်းများရှိပါကလည်း နိုင်ငံဝန်ထမ်း ဥပဒေ နည်းဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။
“ဥပဒေ လက်တစ်လုံးခြား ပြုလုပ်ပြီးတော့ ချိုးဖောက်နေမှုတွေကို လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ အဆင့်ဆင့်နဲ့ စီစစ်ပြီးတော့ ဥပဒေ နဲ့အညီ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းနဲ့ ဥပဒေနဲ့ အညီတရားဝင်ရောင်းချခြင်း ပေါင် နှံခြင်း ငှားရမ်းခြင်း လဲလှယ်ခြင်းပေးကမ်းခြင်း အမွေဆက်ခံခြင်းတို့မှအပ ဥပဒေနဲ့အညီမဟုတ်ဘဲ ပုံစံ၇တွေကို ခွဲခြားစိတ်ဖြာ ထုတ်ပေးနေမှုတွေကို စီစစ် ပြီးတော့ ဥပဒေမဲ့ ဆောင်ရွက်တဲ့ ဝန်ထမ်းတွေရှိတယ်ဆိုရင်လည်း နိုင်ငံဝန်ထမ်း ဉပဒေ နည်းဉပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးမော်မော်က ပြောသည်။
လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချများနှင့် ပတ်သက်၍ ဥပဒေ လုပ်ထုံး လုပ်နည်းနှင့် အညီ တရားစွဲဆိုနိုင်ရန်အတွက် ခရိုင် မြို့နယ် အုပ်ချုပ်ရေးမှူးများပါဝင်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ၆ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။