မွန်ပြည်နယ် ရေးမြို့နယ်တွင် လျှပ်စစ်မီးကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရသည့်အပြင် လိုအပ်ချက်များပြားနေခြင်းကြောင့် လျှပ်စစ်စွမ်းအင်ရရှိရေးကို အထူးတလည်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲအနိုင်ရ မွန်ညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မိလဝီဟန်က ပြောသည်။
“ကျွန်မအတွက် နံပါတ်တစ်ဦးစားပေးကိစ္စကတော့ ရေးမြို့နယ်အတွက် လျှပ်စစ်မီးရရှိရေးပဲ။ သူများတွေ တစ်ယူနစ်ကိုအများဆုံး ၅၀ (ကျပ်ငွေ) လောက်ပဲပေးရပေမယ့် ဒီမှာကျတော့ လေးရာ၊ ငါးရာ ပေးနေရတယ်ဆိုတာက တော်တော်ကြီးကို မျှတမှုမရှိဘူးလေ” ဟု မိလဝီဟန်က ဆိုသည်။
ရေးမြို့နယ်တွင် လျှပ်စစ်မီးရရှိရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရန်အတွက် မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်သက်တမ်းတွင် မေးမြန်းပြောဆို ဆွေးနွေးငြင်းခုန်မှုများရှိခဲ့သော်လည်း လက်တွေ့တွင်မူ ပိုမိုကောင်းမွန်သောအခြေအနေကို မဖော်ဆောင်နိုင်ခဲ့ပေ။
ရေးမြို့နယ် အံဒင်ဒေသခံ ဦးစိုးသူက “ကျွန်တော်တို့ကတော့ လျှပ်စစ်မီးကို ဈေးသက်သက်သာသာနဲ့ရမယ်ဆိုရင် လိုချင်တာပေါ့ဗျာ။ အခုလည်းဆိုလာပြားတွေနဲ့ သုံးနေရတာပဲ။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး မထိခိုက်ဖို့လည်းလိုတာပေါ့” ဟု ဆိုသည်။
လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန်အတွက် အံဒင်ကျေးရွာအနီးတွင် မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိနိုင်မည့် ကျောက်မီးသွေးစက်ရုံဆောက်လုပ်ရန် ဦးသိန်းစိန်အစိုးရလက်ထက်က စီစဉ်ခဲ့သော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်မှုကြောင့် ယာယီရပ်ဆိုင်းမှု ပြုလုပ်ထားသည်။
လက်ရှိအချိန်တွင် ရေးတောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းခွဲ၍ ကုမ္ပဏီအချို့က လျှပ်စစ်မီးရောင်းချလျက်ရှိသည်။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နှစ်နယ်ရှိသော ရေးမြို့နယ်တွင် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ မိလဝီဟန်မှာ မဲဆန္ဒနယ်အမှတ် (၇) ၌ ခိုင်လုံမဲအရေအတွက် ၃၂၅၈၈ မဲ၊ ရာခိုင်နှုန်းအနေနှင့် ၄၇ ဒသမ ၄ ဖြင့် အနိုင်ရခဲ့သည်။
အလားတူပင် မဲဆန္ဒနယ် အမှတ် ၆ တွင်လည်း ညီညွတ်ရေးပါတီကိုယ်စားပြုကိုယ်စားလှယ် နိုင်သီဟက အနိုင်ရခဲ့ပြီး ထိုမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီများအပြင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။