ရွေးကောက်ပွဲမတိုင်မီကပင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခံသော ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် စည်ပင်ဥက္ကဋ္ဌအပါအဝင် လေးဦး၏အမှုကို လာမည့်ရုံးချိန်းတွင် စွဲချက် တင်သင့်/မတင်သင့် ဆုံးဖြတ်တော့မည်ဖြစ်ကြောင်း သိရသည်။
ယင်းအမှုတွင် တရားလိုသက်သေ ၁၃ ဦးရှိပြီး ဇန်နဝါရီ ၂၂ ရက်ရုံးချိန်းတွင် နောက်ဆုံးသက်သေဖြစ်သည့် တောင်ကုတ်စခန်းမှူး ဒု-ရဲမှူးလှတင့်ကိုစစ်ဆေးခဲ့ရာ တရားလိုပြသက်သေအားလုံး စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
“စွပ်စွဲခံရသူလေးဦးကို အကြမ်းဖက်အဖွဲ့အစည်းကို ပေးကမ်းတယ်၊ အားပေးတယ်၊ ထောက်ခံတယ်ဆိုပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က)အရ စွဲထားတယ်ပေါ့။ ဒါပေမယ့် အခုလက်ရှိ အမှုစစ်ပြီးတဲ့ အနေအထားအရ ဆိုလို့ရှိရင်တော့ သူတို့(စွပ်စွဲခံရသူ)တွေကျူးလွန်ထားတဲ့ပုဒ်မကို အခုအနေအထားအထိ တစ်စုံတစ်ရာ မတွေ့သေးဘူး” ဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။
၎င်းတို့လေးဦးအမှုနှင့်ပတ်သက်၍ စွဲချက်တင်သင့်/မတင်သင့်ကို နှစ်ဖက်ရှေ့နေများမှ လျှောက်လဲချက်ပေးရန် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရုံးချိန်းထားကြောင်း သိရသည်။
“အခုလိုမျိုး တရားစွဲခံနေရတာကြောင့် မိသားစုလည်း စိတ်ပင်ပန်း၊ လူပင်ပန်းရတာတွေ၊ နောက်ပြီးတော့ လူမှုရေး၊ စီးပွားရေးဆုံးရှုံးရတယ်။ အဲဒါကြောင့် ကျွန်မတို့ကတော့ အတတ်နိုင်ဆုံး အမှုကိုမြန်မြန်ပြီးစေ ချင်တယ်။ လာမယ့်ရုံးချိန်းမှာ လျှောက်လဲချက်ပေးကြမယ်ပေါ့။ ကျွန်မကတော့ စွဲချင်မတင်မီမှာ လွတ်စေချင်တယ်” ဟု တောင်ကုတ်မြို့နယ် စည်/ကော်ဥက္ကဋ္ဌ (ဟောင်း) ဦးစန်းငွေ၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေးက ပြောသည်။
တရားစွဲတင်ခံရသူများမှာ တောင်ကုတ်မြို့နယ် ANP မှ ဒု-ဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်/ကော်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ၎င်း၏ညီဖြစ်သူ ဦးစည်သူကျော်ဇံ၊ စည်/ကော်ဥက္ကဋ္ဌ (ဟောင်း) ဦးစန်းငွေတို့ဖြစ်ကြသည်။
၎င်းတို့လေးဦးသည် ၂၀၂၀ ခုနှစ် မေ ၉ ရက်မှ ၂၅ ရက်အတွင်း ဖမ်းဆီးခံခဲ့ရခြင်းပြီး တောင်ကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ် ချုပ်ရမန်ယူခဲ့ကာ တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်သို့ ခေါ်ဆောင်သွားခဲ့ပြီး အောင်သပြေစစ်ကြောရေးစခန်း၌ ထိန်းသိမ်းခံခဲ့ရကြောင်း စွပ်စွဲခံရသူများက ပြောသည်။
ယင်းနောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ဒုတိယအကြိမ်ချုပ်ရမန်ယူခဲ့ပြီး ၂၀၂၀ ခုနှစ် ဇွန် ၂ ရက်တွင် သံတွဲမြို့သို့ခေါ်ဆောင်လာကာ တတိယအကြိမ်ချုပ်ရမန်ကို သံတွဲမြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူခဲ့ခြင်းဖြစ်သည်။
တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌပါလေးဦးမှာ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်နွယ်မှု၊ ရိက္ခာထောက်ပံ့ကူညီမှုရှိသည်ဟုဆိုကာ ၂၀၂၀ ခုနှစ် ဇွန် ၃၀ ရက်က တောင်ကုတ်မြို့နယ်တရားရုံး၌ စစ်တွေမြို့ သတင်းအထူးတပ်ဖွဲ့ (SB) မှ ရဲမှူးဇော်မြင့်ထွန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိ ၎င်းတို့တရားရင်ဆိုင်နေရသည်မှာ ရှစ်လခန့်ကြာမြင့်နေပြီဖြစ်ကာ ရုံးချိန်းပေါင်း အကြိမ် ၂၀ ကျော် အထိရှိခဲ့ပြီဖြစ်သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂ (က) သည် အနည်းဆုံးထောင်ဒဏ် သုံးနှစ်မှ အများဆုံးထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဋ္ဌာန်းထားသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နှစ်နှစ်တာကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံရသူ ၃၆၂ ဦးရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏စာရင်းများအရ သိရသည်။