ရွေးကောက်ပွဲမတိုင်မီ ပျောက်ဆုံးနေသော တင်းမကျေးရွာသားများကိစ္စ မိသားစုဝင်များအား စစ်ဆေးမှုပြီးစီး

ရွေးကောက်ပွဲမတိုင်မီ ပျောက်ဆုံးနေသော တင်းမကျေးရွာသားများကိစ္စ မိသားစုဝင်များအား စစ်ဆေးမှုပြီးစီး
by -
ထွန်းခိုင် (နိရဥ္စရာ)

ရွေးကောက်ပွဲမတိုင်မီ ပျောက်ဆုံးနေသော တင်းမကျေးရွာသားများကိစ္စ မိသားစုဝင်များအား စစ်ဆေးမှုပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ပျောက်ဆုံးသူများ၏ မိသားစုဝင်များကို စစ်ဆေးမှုအား ကျောက်တော်မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စုံစမ်းစစ်ဆေးမှု ပြီးစီးသွားပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးက ဇန်နဝါရီ ၆ ရက်တွင် ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်ပြီး ၎င်းအဖွဲ့တွင် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျောက်တော်မြို့နယ်ရဲမှူး၊ တင်းမကျေးရွာမှ ရပ်မိရပ်ဖ ဦးထွန်းသိန်းတို့ပါဝင်ကြောင်း သိရသည်။

 

စုံးစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဦးထွန်းသိန်းက “စစ်ဆေးလို့တော့ အားလုံးပြီးပြီ။ သူတို့ရဲ့ ထွက်ဆိုချက်တွေကိုလည်း ဖတ်ခိုင်းတယ်။ ဖတ်ခိုင်းပြီးတော့ သူတို့ထည့်ချင်တဲ့အချက်အလက်တွေကို ထည့်ခိုင်းတယ်။ သူတို့ကျေနပ်မှုရှိမှ လက်မှတ်ထိုးခိုင်းတယ်။ မနေ့ကတော့ လက်မှတ်ထိုးတာပြီးသွားပြီ” ဟုဆိုသည်။

 

အဆိုပါ စစ်ဆေးမှုစာရွက်စာတမ်းများအား နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ထံ ဆက်လက်တင်ပြသွားမည်ဖြစ်သော်လည်း မည်သည့်အချိန်တွင် တင်ပြမည်ဆိုသည်ကို မသိရသေးဟု ၎င်းက ဆက်ပြောသည်။

 

ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

 

ယခုစစ်ဆေးမေးမြန်းမှုနှင့်ပတ်သက်၍ မှန်ကန်သောအဖြေတစ်ခု ပေါ်ပေါက်စေလိုသည်ဟု တင်းမကြီးကျေးရွာမှ ပျောက်ဆုံးနေသူ ကိုနေလင်းဦး၏မိခင် ဒေါ်ဦးသန်းရီက ပြောသည်။

 

“ကျွန်မတို့သားတွေကို စစ်သားတွေဖမ်းယူသွားတာမှာ ပါသွားတဲ့အကြောင်းတွေကို ကျွန်မတို့ကို မနေ့ကခေါ်ပြီးတော့ လက်မှတ်ထိုးဖို့ခိုင်းတယ်။ ဒါကြောင့် ကျွန်မတို့ မနေ့က ၃ နာရီလောက်မှာသွားပြီးတော့ လက်မှတ်ထိုးခဲ့ရပါတယ်။ ကျွန်မတို့သားတွေနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ အဖြေတစ်ခုတော့ ပေါ်ပေါက်စေချင်ပါတယ်” ဟု ပြောသည်။

 

၎င်းအမှုနှင့် ပတ်သက်၍ ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်ကလည်း ပျောက်ဆုံးနေသူ မိသားစုဝင်များအား မြောက်ဦးရဲစခန်းတွင် စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

တင်းမသစ်ကျေးရွာတွင် ရွာသားရှစ်ဦးနှင့် တင်းမကြီးရွာမှ ရွာသား ၁ဝ ဦးတို့ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမကျင်းမမီ မတ်လ ၁၃ ရက်နှင့် မတ် ၁၆ ရက်တွင် တပ်မတော်သားများက ၎င်းတို့၏နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

 

၎င်းပြင် တင်းမရွာဘုန်းကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်နေခဲ့သူ ရွာသားသုံးဦးလည်း ပျောက်ဆုံးနေသဖြင့် စုစုပေါင်း ၂၁ ဦးပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

 

တပ်က ဖမ်းပြီးနောက် ပျောက်ဆုံးနေသူ တင်းမကြီးကျေးရွာမှ ကျေးရွာသား ၁ဝ ဦးမှာ ဦးအောင်ညွန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယာဉ်မောင် (၄ဝ) နှစ်၊ ဦးသန်းမောင်ထွန်း (၄ဝ) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး (၅ဝ) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄ဝ) နှစ်၊ ဦးမောင်စိန်ဝင်း အသက် ၅ဝ ကျော်၊ မောင်ထွန်းထွန်းဝေ (၁၅) နှစ်နှင့် မောင်နေလင်းဦး (၂၈) နှစ်တို့ဖြစ်ကြောင်း၊ မတ်လ ၁၃ ရက်နေ့က တင်းမရွာသစ်မှ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေသူ သူ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။

 

ပျောက်ဆုံးနေသူများနှင့်ပတ်သက်ပြီး ယနေ့ချိန်အထိ သတင်းအစအန တစ်စုံတစ်ရာမရသဖြင့် မိသားစုဝင်များက ပြီးခဲ့သော ဒီဇင်ဘာ ၈ ရက်က ကျောက်တော်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်းကြားခဲ့မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...