အစိုးရသစ်မဖွဲ့မီ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ ဇန်နဝါရီ ၂၈ ရက်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်းနေကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ထံမှ သိရသည်။
NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည့် ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်း “ညှိနှိုင်းနေတယ်ဆိုတဲ့ သဘောလောက်ပဲ ပြောနိုင်တယ်နော။ အခုကတော့ ၂၈ ရက်နေ့မှာ တွေ့ဖို့အတွက်ကတော့ နှစ်ဖက်ညှိနှိုင်းနေတာပေါ့နော။ အွန်လိုင်းကပဲဖြစ်မှာပေါ့ အလွတ်သဘောပါပဲ။ နှစ်ဖက်ကတော့ အဆိုပြုထားကြတယ်။ ညှိနှိုင်းနေတယ်” ဟုပြောသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီက အစိုးရသစ် မဖွဲ့စည်းနိုင်မီအချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အလွတ်သဘော ဆွေးနွေးညှိနှိုင်းနိုင်ရန်အတွက် NCA အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များက ယာယီတွေ့ဆုံဆွေးနွေးညှိနှိုင်းရေး အဖွဲ့တစ်ခုကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းကပြုလုပ်သည့် အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် ဖွဲ့စည်းထားသည်။
PPST ၏ ထိုယာယီတွေ့ဆုံညှိနှိုင်းရေးအဖွဲ့ကို RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်းက ဦးဆောင်မည်ဖြစ်ပြီး အပစ်ရပ် ၁၀ ဖွဲ့က ကိုယ်စားလှယ် တစ်ယောက်စီ ပါဝင်မည်ဟု သိရသည်။
အစိုးရနှင့် NCA အပစ်ရပ်အဖွဲ့တို့ ဇန္နဝါရီလ ၂၈ ရက်နေ့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်မည်ဆိုပါက စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စရပ်များကို အပစ်ရပ်အဖွဲ့များဖက်မှ အဓိကထား ဆွေးနွေးသွားကြမည်ဟု ဦးမျိုးဝင်းက ဆက်ပြောသည်။
၎င်းက “အဓိကကတော့ ညီလာခံပြီးကတည်းကနေပြီးတော့ ရွေးကောက်ပွဲနဲ့အခြေအနေတွေကို စောင့်ကြည့်နေရတာပေါ့ အဲဒီအနေအထားအပေါ်မှာ မူတည်ပြီးတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရွေး ကောက်ပွဲပြီး တဲ့နောက်မှာ စတုတ္ထအကြိမ် ပင်လုံပြီးတဲ့နောက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်လို ဆောင်ရွက် မလဲ ဆိုတာ Process ကိုပဲ ဆွေးနွေးမှာပါ။ ကျန်တာ အသေးစိတ်ကတော့ ဆွေးနွေးဖို့ မရှိသေးပါဘူးနော” ဟုပြောသည်။
ထို့ပြင် ဆက်လက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပြင် တစ်ဖွဲ့ချင်းစီနှင့်သက်ဆိုင်သည့် အပစ်ရပ်သဘောတူချက်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးမှုများရှိနိုင်သည်ဟု ABSDF ဒု-ဥက္ကဋ္ဌက ပြောသည်။
ဦးမျိုးဝင်းက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် Process ဘယ်လိုစမလဲဆိုတာဟာကိုပဲ အဓိက ဆွေးနွေးရမှာပါ။ ကျန်တဲ့ကိစ္စတွေဟာ ရှိကောင်းရှိနိုင်တယ်။ ဒါကတော့ တစ်ဖွဲ့ချင်းဆွေးနွေးရမယ့် Bilateral သွားရမယ့်ကိစ္စတွေက ရှိမှာပေါ့နော” ဟုပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ကရင်အမျိုးသားဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။