တတိယအကြိမ်လွှတ်တော်အစည်းအဝေးတက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသူရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းထံတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ကာယကံရှင်က အတည်ပြုပြောကြားသည်။
“ကျန်းမာရေးကတော့ ထွေထွေထူးထူး ဘာမှမဖြစ်ပါဘူး။ အကုန်အဆင်ပြေပါတယ်” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် လက်ရှိတွင် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ကုသမှုခံယူနေကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို တတိယအကြိမ် လွှတ်တော်အစည်းအဝေးတက်ရောက်ရန် ကြိုတင်ခေါ်ယူပြီး ဇန်နဝါရီ ၂၂ ရက်မှစ၍ ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များကို နေပြည်တော် ဥတ္တရသီရိဟိုတယ်ဇုံ၌ ပထမအကြိမ် နှာခေါင်းနှင့် အာခေါင် တို့ဖတ်နမူနာရယူပြီး စည်ပင်ဧည့်ရိပ်သာ -၂ တွင် Quarantine ၇ ရက်နေထိုင်ရမည်ဖြစ်သည်။
မြန်မာတွင် လက်ရှိအချိန်အထိတွေ့ရသည့် ကိုဗစ်လူနာ ၁၃၇,၀၉၈ ဦးအနက် ၆၃ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ ပြင်ပအမြင်တွင် လူကောင်းပကတိသဖွယ်ဖြစ်နေကြောင်း၊ ၎င်းတို့သည် ရောဂါပိုးသယ်ဆောင်နေသူများဖြစ်ပြီး အခြားသူများထံကူးစက်စေနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် အထူးသတိပြုကာ ရောဂါကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။
မြန်မာ၌ ဇန်နဝါရီ ၂၃ ရက် ည ၈ နာရီအထိ စာရင်းမှာ ပိုးတွေ့လူနာပေါင်း ၁၃၇၀၉၈ ဦး၊ သေဆုံး ၃၀၄၅ ဦး၊ ပြန်လည်ကျန်းမာလာသူ ၁၂၁၁၂၄ ဦးရှိသည်။