ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာ၊ နောင်အင်အားကစားကွင်းတွင်ပြုလုပ်ခဲ့သော တပ်မတော်ထောက်ခံပွဲသို့ NLD ပါတီအလံ ကိုင်ဆောင်၍ဝင်ရောက်လာမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီလုပ်တာဖြစ်တယ် ကျွန်တော်တို့အနေနဲ့ ငြိမ်းစုစီတင်တယ်။ ဥပဒေနဲ့အညီ ဘောင်အတွင်းကလုပ်တယ်။ ဒါကိုမှ သူ့အနေနဲ့ NLD အလံတွေဘာတွေဖြန့်ပြီးတော့မှ လမ်းပေါ်မှာလဲ ပေါ်တင်ကြီးပေါ့။ ဒါတွေလုပ်သွားတာလဲတွေ့ရတယ်။ ဒါကို NLD အနေနဲ့ ခုလို ပုံစံလုပ် သွားတာကို ဥပဒေနဲ့အညီ ကျွန်တော်တို့ပါတီကနေ တရားလိုပြုပြီး တရားစွဲသွားမယ်” DNP ပါတီ၏ ပြည်နယ်အတွင်းရေးမှူး ဦးဝင်းဗိုလ် ကပြောသည်။
အမျိုးသားဒီမိုကရက်တစ်ပါတီ DNP ဦးဆောင်၍ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲသမာမှုများအား တပ်မတော်မှ စိစစ်ဆောင်ရွက်နေမှုအပေါ် ထောက်ခံကြောင်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသော တာဝန်များအား ပြတ်သားတိကျစွာဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်ထုတ်တောင်းဆိုမှုကို ဇန်နဝါရီ ၂၂ ရက်က ပြုလုပခဲ့ရာ ယင်းနေရာသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝန်းရံသူ လူငယ်သုံးဦးက NLD အလံကိုင်ဆောင်ကာ ဝင်ရောက်လာမှုကြောင့် ထောက်ခံပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က ဘယ်သူ့ခိုင်းစေချက်မှမပါဘဲနဲ့လာတာ သူတို့က တပ်မတော်ထောက်ခံပွဲလုပ်တယ်။ ကျွန်တော်တို့က NLD ကိုထောက်ခံတယ်၊ ဒါပါပဲ။ သူတို့က မဲလိမ်တယ်၊ မဲခိုးတယ်ပြောတယ်။ ဒါကတော့ သက်သေနဲ့တင်ပေါ့၊ ဥပဒေပြဌာန်းချက်အတိုင်းပဲလေ။ ငါးနှစ်လုံးလုံးပျောက်နေပြီးတော့မှ ရွေးကောက်ပွဲပြီးမှ ပြည်သူအတွက်ဆိုတာက ဒါက အဆင်မပြေဘူးလို့ ကျွန်တော်ထင်တယ်။ သူတို့ပြောတဲ့ အမျိုးဘာသာ၊ သာသနာဆိုတာက သူတို့ပဲသိမယ်ဟု အဆိုပါထောက်ခံပွဲသို့ NLD အလံကိုင်ဆောင်လာသူ ကိုဒေးဗစ်ချမ်းလေးက ပြောသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခြင်းအပေါ် ပြဿနာတစ်စုံတစ်ရာဖြစ်မည်ကို စိုးရိမ်မှုမရှိကြောင်းနှင့် မိမိယုံကြည်သောပါတီနှင့် နိုင်ငံရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ကိုဒေးဗစ်ချမ်းလေးက ဆက်လက်ပြောသည်။
အမျိုးသားဒီမိုကရက်တစ်ပါတီ DNP သည် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များကို မကျေနပ်ဟုဆိုကာ တောင်ကြီးမြို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ပြီးခဲ့သည့်နိုင်ဝင်ဘာ ၁၇ ရက်က ဆန္ဒထုတ်ဖော်ခဲ့သေးကြောင်း သိရသည်။
Published
Sunday, January 24, 2021
တပ်မတော်ထောက်ခံပွဲတွင် NLD ပါတီအလံ ကိုင်ဆောင်ဝင်ရောက်လာမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွား