ဖမ်းဆီးခံရသော ဒီချုပ်စည်းရုံးရေးမှူး အသက်အန္တရာယ်စိုးရိမ်ရဟုဆို

ဖမ်းဆီးခံရသော ဒီချုပ်စည်းရုံးရေးမှူး အသက်အန္တရာယ်စိုးရိမ်ရဟုဆို

လက်နက်ကိုလူတစ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသော ဟုမ္မလင်းမြို့နယ် ဒီချုပ်စည်းရုံးရေးမှူး ယနေ့တိုင် အဆက်အသွယ်မရသဖြင့် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောသည်။

 

ယင်းလူတစ်စု၏ ဖမ်းဆီးခြင်းရသူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် သံယောဇဉ်ကျေးရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်/ကျေး အဆင့် စည်းရုံးရေးမှူး ဦးလွင်မောင်ဌေးဆိုသူဖြစ်ပြီး ၎င်းကို ဇန်နဝါရီ ၁၃ တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်ကတော့ အထက်ကို အစီရင်ခံစာတင်ထားတယ်။ မိသားစုကလည်း သက်ဆိုင်ရာကို အကြောင်းကြားထားပေမယ့် အမှုဖွင့်တာမျိုးတော့ မလုပ်ထားဘူး။ ဘာမှန်းမသိရတော့ အသက်အန္တရာယ်ကို စိုးရိမ်ရတာကြောင့်လည်းပါတယ်” ဟု ဦးကျော်ဌေးလွင်က ပြောသည်။

 

ဖမ်းဆီးခံရသည့်ရက်ကတည်းက သက်ဆိုင်ရာအဖွဲ့အစည်းများထံ အကြောင်းကြားထားသော်လည်း ဇန်နဝါရီ ၂၁ အထိ ထူးခြားမှုမရှိသေးဟု ဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ဦးလွင်မောင်ဌေးသည် ဒေသတွင်း လယ်ယာမြေကိစ္စရပ်များ၊ ရွှေမျောလုပ်ငန်းများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ကူညီဖြေရှင်းမှုများ ပြုလုပ်ခဲ့ဖူးကြောင်း၊ ဖမ်းဆီးခံရသည့်အကြောင်းရင်းနှင့် မည်သည့်လက်နက်ကိုင်အဖွဲ့က ခေါ်ဆောင်သွားသည်ကို မသိရှိသေးကြောင်း ဦးကျော်ဌေးလွင်က ပြောသည်။

 

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ စည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်က “ဒီလိုကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် အရင်ဆုံး လွှတ်တော်နဲ့အစိုးရကနေ တရားဥပဒေစိုးမိုးရေးကို သေသေချာချာလုပ်ပြဖို့လိုတယ်။ ဒီလိုလုပ်ပြနိုင်တယ်ဆိုရင် လက်နက်ကိုင်ငယ်တွေက ကျူးလွန်တဲ့ကိစ္စရပ်တွေကို ကိုင်တွယ်နိုင်ဖို့ မျှော်လင့်ချက်ရှိလာမယ်။ ဒီမှာက အကြီးဆုံးလက်နက်ကိုင်အဖွဲ့ကြီး၊ တရားဝင်အဖွဲ့အစည်းလို့ပြောလို့ရတဲ့ အဖွဲ့ကြီးက ကျူးလွန်တဲ့ပြစ်မှုတွေကိုတောင် အရေးမယူနိုင်သေးဘူး။ တကယ်သာ အစိုးရက ထိန်းချုပ်နိုင်ပြီဆိုရင် လက်နက်ကိုင် အသေးလေးတွေ ကျူးလွန်တဲ့ကိစ္စတွေကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မယ်” ဟု ပြောသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် မိသားစုအပါအဝင် ရပ်ရွာလူထုကို စိုးရိမ်ထိတ်လန့်စေကြောင်း ဦးကျော်ဌေးလွင်က မှတ်ချက်ပြုသည်။

 

ယင်းဒေသမှာ ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) နှင့် ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ (SNA) တို့ လှုပ်ရှားမှုများရှိသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...