ချင်းပြည်နယ်တွင် NLD မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကန့်ကွက်ခံရ

ချင်းပြည်နယ်တွင် NLD မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကန့်ကွက်ခံရ

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဖလမ်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရရှိခဲ့ကြသော အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးကို ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သားတစ်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံသို့ ကန့်ကွက်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ အနိုင်ရရှိခဲ့သော ဦးစိန်အောင်ကို ပြိုင်ဘက်ကိုယ်စားလှယ်လောင်းဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP မှ ဆလိုင်းခွဲယန်က ကန့်ကွက်ခြင်းဖြစ်သည်။

ဆလိုင်းခွဲယန်က “အဓိကတော့ ၂၀၂၀ ရွေးကောက်ပွဲ ကျွန်တော်တို့ ပလက်ဝမြို့နယ်မှာ တရားမျှတမှုတွေမရှိလို့ ဥပဒေဘောင်အတွင်းကနေ မဲဆွယ်စည်းရုံးခြင်းမရှိလို့ အဲဒီရွေးကောက်ပွဲရလဒ်က အပြောင်းအလဲရှိသွားတယ် အဲဒီအပေါ်မှာ ကန့်ကွက်ခြင်းဖြစ်ပါတယ်” ဟုပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံသို့ ကန့်ကွက်ရသည့်အကြောင်းရင်းထဲတွင် ပလက်ဝမြို့နယ် ၉၄ အုပ်စုတွင် ရွေးကောက်ပွဲမကျင်းပသည့်ကိစ္စ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သူများကို မဲရုံမှုးအဖြစ်ခန့်အပ်ခြင်း၊ ရွေးကောက်ပွဲနီးကပ်သည့်အချိန်တွင် ဆမီးမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများအား အသား၊ ငါး၊ ငွေကြေးပေးအပ်ခြင်း၊ နိုဝင်ဘာ ၇ ရက်အထိ ရွေးကောက်ပွဲမဲဆွယ်မှုများပြုလုပ်နေခြင်းစသည့်တို့အပါအဝင် အချက်ကိုးချက်ပါဝင်သည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ NLD ပါတီမှ ဦးစိန်အောင်က “အမှုတွဲက အခုကျွန်တော့်လက်ထဲမှာ ရောက်တော့ရောက်တယ်။ ဒါပေမဲ့ သိပ်မဖတ်ရသေးဘူး။ ကျွန်တော် အခုလောလောဆယ်ပြောနိုင်တာက ကျွန်တော်နဲ့ဆိုင်တာရှိသလို မဆိုင်တာလည်း အများကြီးရှိတယ်။ မဆိုင်တာဆိုတာက UEC ပေါ့။ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်တာတွေ၊ မြို့နယ်ကော်မရှင်ကန့်ကွက်တာတွေ၊ နောက် တခြားသက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးကော်မရှင်တွေရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေနဲ့ပတ်သက်ပြီးတော့ မကျေနပ်တာတွေလည်းပါဝင်တယ်။ လောလောဆယ်မှာတော့ ကျွန်တော်တော့ အဲလောက်ပဲပြောလို့ရတယ်” ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တေ်ကိုယ်စားလှယ်နေရာအတွက် NLD ပါတီမှ ဦးစိန်အောင်၊ USDP ပါတီမှ ဆလိုင်းခွဲယန် နှင့် CNLD ပါတီမှ ဦးကျော်ငြိမ်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဦးစိန်အောင်သည် ဆန္ဒမဲစုစုပေါင်း ၃၅၄၉ မဲရရှိကာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဆလိုင်းခွဲယန်သည် ဆန္ဒမဲစုစုပေါင်း ၃၃၄၆ မဲရရှိပြီး ဦးစိန်အောင်အား ၂၀၃ မဲဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အလားတူ ဖလမ်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ အနိုင်ရရှိခဲ့သော ဆလိုင်းရီယန်းဗဲလ် ဖလမ်းမြို့အခြေစိုက် ခ.လ.ရ (၂၆၈) တပ်ရင်းမှ တပ်မတော်သားတစ်ဦးက ကန့်ကွက်ထားသည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆလိုင်းရီယန်းဗလ်ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...