တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ပထမအုပ်စုတွင် ထည့်သွင်းထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ အစီရင်ခံတင်ပြသော ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်းသည့်မိန့်ခွန်းကို ဇန်နဝါရီ ၂၁ ရက်က ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ပထမအုပ်စုထဲမှာ နိုင်ငံ့ယန္တရားအတွက် အရေးကြီးတယ်ဆိုတဲ့ အုပ်စုထဲမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကိုလည်း ကျွန်မတို့ ထည့်ထားပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပြည်ထောင်စုလွှတ်တော်က မကြာခင် ခေါ်တော့မှာဖြစ်ပါတယ်။ အဲဒီ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်ဖို့လည်း ကိုယ်စားလှယ် အသီးသီးက တနိုင်ငံလုံးကနေပြီးတော့ ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီလိုရောက်လာတဲ့အချိန်မှာ တစ်စုတစ်ဝေးတည်းရှိတဲ့အချိန်မှာ ကာကွယ်ဆေးထိုးပေးခြင်းဟာ လက်တွေ့လည်းကျပါတယ်” ဟု ၎င်းကပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်သန်းခွဲသည် ယနေ့ (ဇန်နဝါရီ ၂၂) ရက်နေ့တွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ရောက်ရှိလာမည်ဖြစ်ပြီး တစ်ဦးလျင် နှစ်ကြိမ်ထိုးရမည်ဖြစ်သည့်အတွက် လူခုနှစ်သိန်းခွဲကို ထိုးပေးနိုင်မည်ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးကို ပထမဦးစားပေးအနေဖြင့် ကျမ်းမာရေးဝန်ထမ်းများနှင့် ကျမ်းမာရေး စေတနာ့ဝန်ထမ်းများကို ထည့်သွင်းကာ ပထမထိုးပေးမည်ဖြစ်ကြောင်း၊ ထို့နောက်အစိုးရအဖွဲ့ထဲတွင် အဓိကကျသည့်အစိတ်အပိုင်းများကို ကာကွယ်ဆေးထိုးပေးမည်ဖြစ်သလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကိုလည်း ပထမအဆင့်အုပ်စုထဲတွင် ထည့်သွင်းကာ ကာကွယ်ဆေးထိုးပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့ပြင် ရောဂါအခံရှိပြီး ရောဂါဖြစ်လွယ်သည့်အုပ်စု၊ လူနေထူထပ်ပြီး ရောပြန့်ပွားမှုများသည့် အုပ်စုစသည်တို့ကို ကာကွယ်ဆေးရရှိမှုအပေါ်မှုတည်ပြီး ကာကွယ်ဆေးထိုးပေးသွားရန် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူထားပြီး အဆိုပါလွှတ်တော် နှစ်ရပ်ပေါင်းထားသည့် ပြည်ထောင်စုအဆင့်လွှတ်တော်ကို ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်များအရ ပြည်ထောင်စုအဆင့်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃၉၆ ဦး (တစ်ဦးလုပ်ကြံခံရပြီး ကွယ်လွန်)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိးရေးပါတီက ၃၃ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၁၅ ဦး၊ ရခိုင်အမျိုးသားပါတီမှ ရှစ်ဦး၊ တအောင်း (ပလောင်) အမျိုးသားပါတီမှ ငါးဦး၊ မွန်ညီညွတ်ရေးပါတီမှ ငါးဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ငါးဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ လေးဦး၊ ကချင်ပြည်နယ် ပြည်သူ့ပါတီမှ တစ်ဦး၊ ရခိုင့််ဦးဆောင်ပါတီမှ တစ်ဦး၊ ‘ဝ’ အမျိုးသားပါတီမှ တစ်ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦးနှင့် အချိုးကျ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၆၄၂ ဦး ရှိမည်ဖြစ်ကြောင်း သိရသည်။