ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးကို တစ်ပြိုင်တည်းအကောင်အထည်ဖော်ရန် NLD ကို SNLD တိုက်တွန်း

ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးကို တစ်ပြိုင်တည်းအကောင်အထည်ဖော်ရန် NLD ကို SNLD တိုက်တွန်း
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးကို တစ်ပြိုင်တည်းအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ အထွေအထွေအတွင်းရေးမှူး စိုင်းလိပ်က တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ ကဏ္ဍနှစ်ခုဖြစ်သော ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးကို တစ်ပြိုင်တည်းအကောင်အထည်ဖော်ရန် ၁၉၈၉ - ၉၀ ခုနှစ်တဝိုက်ကတည်းက NLD နှင့် ဗမာမဟုတ်သော တိုင်းရင်းသားများအကြားတွင် သဘောတူညီထားခြင်းဖြစသည်ဟု ဆိုသည်။

“NLD အနေနဲ့ မဖြစ်မနေလုပ်ရမယ့် ကိစ္စရပ်တစ်ခုရှိတယ်။ ၁၉၈၉ - ၉၀ တဝိုက်ကတည်းက CRPP မဖွဲ့စည်းခင်ကတည်းက NLD နဲ့ ကျနော်တို့ ဗမာမဟုတ်သော တိုင်းရင်းသားတွေကြားထဲမှာ သဘောတူညီချက်ရှိခဲ့တယ်။ အဲ့ဒါကတော့ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ရေးကို တစ်ပြိုင်တည်း အတူတူလုပ်ဖို့ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်” ဟု SNLD ၏ အထွေအထွေအတွင်းရေးမှူး စိုင်းလိပ်က ပြောသည်။

 

ထိုကဏ္ဍများနှင့်ပတ်သက်၍ NLD မှ တချို့ပုဂ္ဂိုလ်များက ဒီမိုကရေစီရေးကို အောင်မြင်အောင်လုပ်ဆောင်ပြီးမှ ဖက်ဒရယ်ရေးကိုလုပ်ဆောင်ရန် ပြောကြားနေမှုများရှိနေပြီး ယင်းပြောဆိုချက်များနှင့်ပတ်သက်၍ SNLD အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ၎င်းကပြောသည်။

 

“NLD ဘက်က တချို့ပုဂ္ဂိုလ်တွေ ပြောနေတာတွေရှိတယ်။ ဒီမိုကရေစီအရေး အရင်အောင်မြင်အောင်လုပ်ပြီးမှ ဖက်ဒရယ်အရေးကို နောက်မှ စဉ်းစားမယ်ဆိုတဲ့ စဉ်းစားချက်မျိုးကို ကျွန်တော်တို့ လက်သင့်မခံနိုင်ဘူး” ဟု စိုင်းလိပ်က ပြောသည်။

 

ထို့ပြင် ရွေးကောက်ပွဲအနိုင်ရ NLD အနေဖြင့် လာမည့်အစိုးရသက်တမ်းတွင်ပြုလုပ်မည့် ညီညွတ်ရေးကိစ္စသည် ယခုအချိန်တွင် အကောင်အထည်ဖော်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး ထိုကိစ္စသည် တိုင်းရင်းသားများအတွက် အရေးကြီးကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

 

“ပြောရရင်တော့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အသက်အရွယ် ပြီးတော့ နိုင်ငံရေးအနေအထား၊ နောက် သူတို့ရဲ့အောင်မြင်မှုအနေအထား ဒီအနေအထားသုံးရပ်လုံး လာပြီးစုဆုံတဲ့ချိန်မှာ ဒီချိန်မှာ လုပ်မယ်ဆိုလို့ရှိရင် အမျိုးသားညီညွတ်ရေးက တခြားချိန်တွေထက် ပိုပြီးတော့မှ အလားအလာကောင်းတယ်။ အမျိုးသားညီညွတ်ရေးလို့ပြောတဲ့နေရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ပဲပြောပြော အမျိုးသားညီညွတ်ရေးလို့ပဲပြောပြော ပထမဆုံး ညီညွတ်ရေးလုပ်ရမှာက တိုင်းရင်းသားတွေအတွက် အင်မတန်အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။

 

ယင်းသို့ မဟုတ်ဘဲ NLD အနေဖြင့် ပြီးခဲ့သည့် ငါးနှစ်ကအတိုင်း တိုင်းရင်းသားများအား အေးစက်သည့်ဆက်ဆံရေးဖြင့်သွားပါက ပြည်တွင်းစစ်မှတဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်လာစရာမရှိကြောင်း SNLD ၏ အထွေထွေအတွင်းရေးမှူး စိုင်းလိပ်က သုံးသပ်သည်။

 

“ဗမာမဟုတ်သော တိုင်းရင်းသားတွေနဲ့ NLD နဲ့ အလှမ်းကွာသွားမယ်။ ပြီးခဲ့တဲ့ ငါးနှစ်ကလို အေးစက်စက်ပုံစံမျိုးပဲ ဆက်သွားမယ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့ ပြည်တွင်းစစ်ကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာလည်း အောင်အောင်မြင်မြင် ဖြစ်လာစရာအကြောင်းမရှိဘူး” ဟု ၎င်းကပြောသည်။

ထို့ကြောင့် NLD အနေဖြင့် ၎င်းတို့ကြေညာထားသည့်အတိုင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ခုလုံးနှင့် တွေ့ဆုံရန် ကြိုးပမ်းစေချင်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ပျက်ခဲ့သည့် ဆွေးနွေးပွဲများကိုလည်း ပြန်ကုစားရန်လိုအပ်ကြောင်းနှင့် ပြန်လည်တွေ့ဆုံလိုပါက ၎င်းတို့အနေဖြင့် ကူညီပေးနိုင်ကြောင်း စိုင်းလိပ်က ပြောသည်။

NLD အနေဖြင့်  ယခုဇန်နဝါရီလအတွင်းပင် မွန်ပါတီနှင့် ကယားပါတီတနှ၍့် တွေ့ဆုံဆွေးနွေးရန်စီစဉ်ခဲ့သော်လည်း နေရာညှိနှိုင်းမှုအဆင်မပြေသဖြင့် တွေ့ဆုံမည့်အစီအစဉ် ပျက်ခဲ့ရသည်။

 

NLD နှင့် SNLD တို့သည် ဇန်နဝါရီ ၁၅ ရက်တွင် တောင်ကြီးမြို့ NLD ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး SNLD ဘက်မှ ညီညွတ်ရေးကိစ္စများ၊ ငြိမ်းချမ်းရေးကိစ္စများနှင့် SNLD ၏ မူဝါဒများကို တင်ပြဆွေးနွေးခဲ့ပြီး ဒီမိုကရေစီရေးနှင့် ဖဒရယ်ရေးတို့တွင် NLD နှင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေတို့ကို တင်ပြခဲ့ကြောင်းသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...