ရွေးကောက်ပွဲအလွန် “ဝ” အထူးဒေသ (၂) UWSA ထိန်းချုပ်ဒေသ မိုင်းပေါက်ခရိုင်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၄၆ ဦးအထိရှိလာကြောင်း သိရသည်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသဖြစ်သည့် မိုင်းပေါက်ခရိုင်တွင် ဇန်နဝါရီ ဒုတိယအပတ်အထိ ကိုဗစ်ကူးစက်ခံရသူ ၁၄၆ ဦးရှိပြီး မိုင်းပေါက်မြို့တွင် ၁၃၂ ဦး၊ ဟိုတောင်းမြို့တွင်တစ်ဦးနှင့် မိုင်းဖျန်းမြို့တွင် ၁၃ ဦးတို့ရှိကြောင်း “ဝ” အထူးဒေသ (၂) သတင်းထုတ်ပြန်ချက်အရ သိရသည်။
“ဝ” အထူးဒေသတွင် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၉ ဦးရှိပြီဖြစ်ပြီး၊ ဆေးရုံဆင်းသူ ၄၅ ဦးရှိကာ၊ ကျန်သူများအားလုံး သက်ဆိုင်ရာဆေးရုံတွင် ဆေးကုသခံယူလျက်ရှိကြောင်းသိရသည်။
ယခုအခါ UWSA ထိန်းချုပ်ဒေသအတွင်း ထိုကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်လာမှုကြောင့် ပန်ခန်း (ပန်ဆန်း) မြို့ကို ဇန်နဝါရီ ၆ ရက် ည (၁၂) နာရီမှစတင်ကာ ဇန်နဝါရီ ၃၁ ရက်ထိ Lockdown ချထားပြီး ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာကြရန် အသိပေးထားကြောင်းသိရသည်။
“ဝ” နယ်မြေအတွင်း ကိုဗစ်အတည်ြ့ပုလူနာများကို တရုတ်နိုင်ငံ မုံးလင်မြို့ ကြက်ခြေနီးအသင်းမှ ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် “ဝ” ဒေသမှ ကျန်းမာရေးဌာန ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ဆေးကုသပေးနေကြောင်းသိရသည်။
UWSA ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် ထိုနယ်မြေနှင့်ထိဆက်နေသည့် အထူးဒေသ (၄) မိုင်းလားမြို့လည်း ကိုဗစ်-၁၉ ကာကွယ်သည့်အနေဖြင့် အသွားအလာကန့်သတ်ထားကြောင်း သိရသည်။