မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် သို့မဟုတ် အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရပါက ပါတီအဆုံးအဖြတ်ကို ခံယူရမည်ဖြစ်ကြောင်း ယင်းပါတီမှ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမ ကပြောသည်။
မွန်ညီညွတ်ရေးပါတီက ဗဟိုအလုပ်အမှုဆောင်များ၏ ရှေ့မှောက်တွင် ပါတီအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ ကတိကဝတ်ပြုလက်မှတ်ရေးထိုးပွဲတစ်ရပ်ကို မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမ၌ ဇန်နဝါရီ ၁၆ ရက်က ကျင်းပခဲ့ရာ ထိုကတိကဝတ်များတွင် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် သို့မဟုတ် အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရပါက ပါတီအဆုံးအဖြတ်ကို ခံယူရမည်ဖြစ်ကြောင်းအပါအဝင် အချက်ကိုးချက်ကို လက်မှတ်ရေးထိုးခဲ့ရကြောင်း သိရသည်။
နိုင်လယိတမက “အဓိကအားလုံးဆိုရင် အချက်ကိုးချက်ပါတာပေါ့၊ လွှတ်တော်မှာဖြစ်ဖြစ် အစိုးရအဖွဲ့မှာဖြစ်ဖြစ် တာဝန်ယူဖို့ရှိ/မရှိ၊ တာဝန်ယူမယ်ဆိုရင် ပါတီရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရမယ်။ ပြီးတော့ ပါတီရဲ့ နိုင်ငံရေးလမ်းစဉ်အပေါ် ခံယူမယ်။ ဆွေးနွေးတာတို့ လွှတ်တော်မှာ အဆိုတင်သွင်းတာတို့ ဗဟိုနဲ့ဆက်သွယ်ပြီး ဗဟိုရဲ့လမ်းညွှန်ချက်အပေါ် ဆွေးနွေးမယ်ဆိုတဲ့ အဓိကသုံးချက်ပါတယ်” ဟုဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့စဉ်ကတည်းက MUP ပါတီသို့ ကတိပြုခဲ့သည့်အချက်များပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီလိုလုပ်ရတဲ့အကြောင်းရင်းက မဲအနိုင်ရရှိထားတဲ့ ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲမဝင်ခင်ကတည်းက အခုဒီ ကတိကဝတ်ကိုးချက်ကို ပေးထားပြီးသားပါပဲ။ သို့သော် အခုဆိုရင် ကိုယ်စားလှယ်တွေလည်း ဖြစ်သွားကြပြီဆိုတော့ သတိမေ့မှာစိုးလို့ပါ၊ ပါတီချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ လွဲသွားမှာလည်း စိုးမိတာပေါ့၊ အဓိက ပါတီရဲ့လမ်းညွှန်မှုကို ခံယူသွားဖို့ ဒါတွေကိုသတိပေးတာဖြစ်တယ်” ဟု နိုင်လယိတမက ဆက်ပြောသည်။
လာမည့်တတိယအကြိမ် မွန်လွှတ်တော်တွင် အစိုးရအဖွဲ့အနေဖြင့် အကောင်းဘက်သို့လုပ်ဆောင်လျှင် လက်ခံပေါင်းစည်းသွားမည်ဖြစ်သကဲ့သို့ အကောင်းဆုံး ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ရေးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ်(၂) အနိုင်ရလွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူးက ပြောသည်။
“လွှတ်တော်ရဲ့တာဝန်က အစိုးရကို ထိန်းကျောင်းတာကိုတော့ လုပ်ကိုလုပ်ရမယ်။ အစိုးရတွေက လုပ်တာမှန်နေတယ်။ ကောင်းနေတယ်ဆိုရင်တော့ လက်ခံသွားမယ် ပေါင်းစည်းပြီးတော့ လုပ်ဆောင်သွားမယ်။ အစိုးရလုပ်နေတာ မမှန်ကန်ဘူးဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဆိုရင် အဆိုတင်သွင်းမယ် အကြံဉာဏ်ပေးမယ် ဝေဖန်သွားမယ်” ဟု မင်းအောင်ထူးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီအနေဖြင့် လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ် ၁၂ ဦး အနိုင်ရရှိခဲ့သည်။