တတိယအကြိမ် ဧရာဝတီလွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီ ၉ ရက်‌တွင် စတင်ကျင်းပမည်

တတိယအကြိမ် ဧရာဝတီလွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီ ၉ ရက်‌တွင် စတင်ကျင်းပမည်
by -
စောထွန်းလင်း (KIC)

တတိယအကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌ များရွေးချယ်ခြင်း၊ လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းခြင်းတို့ကို ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

ထို့ပြင် တတိယအကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမစတင်မီ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး NLD  အလုပ်မှုဆောင်ကော်မတီတို့ အစည်းအဝေးပြုလုပ်သွားရန် ခေါ်ယူထားကြောင်း အိမ်မဲမြို့နယ်၊ တိုင်းဒေသကြီး အမှတ်၂ ကိုယ်စားလှယ် မန်းမျိုးချစ်က ပြောသည်။

“ကျနော်တို့ကို ၆ ရက်နေ့အရောက်ခေါ်ထားတယ်။ ၂၆ မြို့နယ်က ကိုယ်စားလှယ်တွေနဲ့ တိုင်းအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးလည်းရှိတယ်။ နောက်သက်တမ်းအတွက် ပြင်ဆင်စရာတွေလည်း ရှိတယ်လေး။ ကျနော်တို့ ဆွေးနွေးရမယ်။ ကိုယ့်မဲဆန္ဒရှင်တွေအတွက် အကောင်းဆုံးလုပ်ကိုင်ပေးသွားပါ့မယ်” ဟု ၎င်းက ဇန်နဝါရီ ၁၆ ရက်နေ့တွင် ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်အစည်းအဝေးများကို ရွေးကောက်ပွဲပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူရမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့်နေမှစ၍ ၁၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပရမည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကို တိုင်းဒေသကြီးအတွင်းရှိ ၂၆ မြို့နယ်မှ အရွေးချယ်ခံကိုယ်စားလှယ် ၅၂ ဦး ကရင်နှင့် ရခိုင်တိုင်ရင်းသားရေးရာကိုယ်စားလှယ် နှစ်ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၈ ဦး စုစုပေါင်း ကိုယ်စားလှယ် ၇၂ ဦးတို့ လွှတ်တော်အစည်းအဝေး တက်ရောက်ခွင့်ရှိကြောင်း လွှတ်တော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...