တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံး၏ ယနေ့ (ဇန်နဝါရီ ၁၈ ရက်) ကြေညာချက်ချက်အရ သိရသည်။
“လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌ ကိုသူတို့ဘယ်လိုပြင်ဆင်ထားလဲ ဘယ်လိုလူမျိုးကို လျာထားလဲဆိုတာ သူတို့ဘက်က အသစ်ဖြစ်မှုပေါ် ကြည့်ရသေးတယ်။ အဲ့တာကြောင့်မလို့ အခုလွှတ်တော် ဥက္ကဌကြီးက ညှိနှိုင်းဆွေးနွေး ချက်များအရ လာမည့် ဖေဖော်ဝါရီ ၉ ရက်ကို နောက်သက်တမ်း တတိယအကြီမ် သက်တမ်းအတွက် ပထမဦး ဆုံးအကြိမ် ကျင်းပဖို့ပေါ့” လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌက လာမည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို တာဝန်ယူ ခေါ်ယူကျင်းပပေးရမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် လွှတ်တော်ဥက္ကဌ၊ ဒုတိယ ဥက္ကဌ ရွေးချယ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုခြင်းများ ပြုလုပ်သွားမည်ဟု ၎င်းထံမှ သိရသည်။
“လွှတ်တော်ဘက်ကကျတော့ အလွှဲအပြောင်း၊ အကူးအပြောင်းက တော်တော်လေးစီစဉ်ဆောင်ရွက်ရတယ်။ ဒီအကူးအပြောင်းမှာဆိုရင် ရှိနေတဲ့ လွှတ်တော်ရုံး ဝန်ထမ်းတွေ၊ ပစ္စည်းကရိယာတွေရော စာရင်းဇယားတွေ အကုန်လုံးကို နောင်တက်လာမည့် လွှတ်တော်အကြီးအကဲဖြစ်တဲ့ လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌတို့ကို တစ်ခါထဲလွှဲပြောင်းဖို့ အစီစဉ်တွေလုပ်ထားတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပပြုလုပ်ရမှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကျင်းပသည့်ရက်မှ ၁၅ ရက်အတွင်း ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ၁၄ ဦး၊ မွန်ညီညွတ်ရေးပါတီ (MUP) ပါတီမှ ခြောက်ဦး၊ တိုင်းရင်းသာရေးရာ လွှတ်တော်ကိုယ်စာလှယ် သုံးဦးဖြစ်ပြီး တပ်မတော်သားကိုယ်စာလှယ် ရှစ်ဦး စုစုပေါင်း ၃၁ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၂ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး မိတ်ဆက်ပွဲပြုလုပ်ရခြင်းမှာ လုပ်ဆောင်ခဲ့သည့် ဆောင်ရွက်ချက်များ၊ ဥပဒေများ၊ ကော်မတီများ၏ လုပ်ငန်းစဉ်ဆောင်ရွက်ချက်များကို မျှဝေပေးသွားနိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။