လားဟူတိုင်းရင်းသားရေးရာဝန်ကြီးကို ပြည်ထောင်စုအဆင့်တွင်ထားပေးရန် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) က တောင်းဆိုခဲ့ကြောင်းသိရသည်။
ဒေါက်တာအောင်မိုးညို ဦးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့နှင့် LNDP တို့ ရှမ်းပြည်နယ် NLD ရုံးတွင် ဇန်နဝါရီ ၁၅ ရက်က တွေ့ဆုံဆွေးနွေးရာတွင် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ လားဟူလူမျိုးတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်းမရှိဘူး။ ကျွန်မတို့ လားဟူလူမျိုးတွေက သျှမ်းအရှေ့မှာ နှစ်သိန်းကျော်ရှိတယ်။ လားဟူ တိုင်းရင်းသား ရေးရာဝန်ကြီး တဦးနဲ့ မလွှမ်းခြုံနိုင်ဘူးဆိုတော့ လားဟူဝန်ကြီးကို ပြည်ထောင်စုအဆင့်မှာထားနိုင်ဖို့အတွက် ဖန်တီးပေးဖို့ ပြောခဲ့ပါတယ်” ဟု LNDP မှ ဥက္ကဌ ဒေါ်အေးသီတာမြင့်က NLD နှင့်တွေ့ဆုံပွဲအပြီး မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်တစ်ဝှမ်းတွင် လားဟူလူမျိုးစုစုပေါင်း သုံးသိန်းကျော်ရှိသော်လည်း အခွင့်အရေး တန်းတူမရသည့်အတွက် ဒေသအခွင့်အရေး ရရှိရန် အုပ်ချုပ်ရေးအပိုင်းတွင် ကိုယ်စားပြုပါဝင်ခွင့်ရရှိရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တွင် လားဟူလူမျိုးစုကိုယ်စားပြုပါဝင်ခွင့်ရရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ လယ်ယာမြေကိစ္စများ၊ လားဟူလူမျိုးများ၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် နိုင်ငံသားကတ်များ အလွယ်တကူ ရရှိရေးကိစ္စများကို ဆွေးနွေးတောင်းတိုမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောသည်။
NLD ကိုယ်စားလှယ်အဖွဲ့သည် တောင်ကြီးမြို့သို့ ဇန်နဝါရီ ၁၃ ရက်ကတည်းက ရောက်ရှိနေခြင်းဖြစ်ကာ ယင်းနေ့ ညနေပိုင်းတွင် တအာင်းအမျိုးသားပါတီ (TNP)၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) တို့နှင့်လည်းကောင်း ဇန်နဝါရီ ၁၄ ရက်တွင် ကယန်းအမျိုးသားပါတီနှင့် သျှမ်းပြည်အစိုးရအဖွဲ့ဝင် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇုတ်ဒေါင် (တသီးပုဂ္ဂလိက ကိုယ်စားလှယ်) တို့နှင့်လည်းကောင်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) တို့ကိုလည်းကောင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် နှစ်နေရာတွင် အနိုင်ရရှိထားပြီး ပြည်နယ်လွှတ်တော်တွင် တစ်နေရာ၊ လားဟူတိုင်းရင်းသားရေးရာတွင် တစ်နေရာ အနိုင်ရရှိထားသည်။
NLD ကိုယ်စားလှယ်အဖွဲ့တွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်တို့ ပါဝင်ပြီး ၎င်းတို့သည် တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ခုနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။