AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ရေးအဆို ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု

AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ရေးအဆို ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု
by -
ကောင်းကျော်နိုင်၊ မင်းထွန်း (DMG)

ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရေးအဆိုကို ယနေ့ (ဇန်နဝါရီ ၁၄ ရက်) တွင် ရခိုင်ပြည်နယ်လွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ သတ်မှတ်ကြေငြာထားသော ULA/AA အား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် အကြမ်းဖက်အဖွဲ့ အစည်းမှ ပယ်ဖျက်ပေးရန် ရခိုင်ပြည်နယ်အစိုးမှတစ်ဆင့် ပြည်ထောင်စုအစိုးအား တိုက်တွန်းသည့်အဆိုကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်တွင် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုနှင့်ပတ်သတ်ပြီး ယနေ့လွှတ်တော်တွင်  လွှတ်တော်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကိုကန့်ကွက်သူမရှိသည့်အတွက် ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။

တပ်မတော်နှင့် AA တို့ လက်ရှိတိုက်ပွဲများရပ်တန့်နေသည့်အနေအထားထက် တိုးတက်မှုရှိရန် တွေ့ဆုံ ဆွေးနွေးခြင်းများ လုပ်ရန်လိုအပ်သည့်အတွက် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရန် လိုအပ်ကြောင်း အဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့အတွက်လည်း အကြမ်းဖက်ဆိုတဲ့သတ်မှတ်ထားတာကို မပယ်ဖျက်နိုင်ရင် ရှေ့ကိုသွားဖို့ထင်သလောက် ခရီးမရောက်နိုင်ဘူးလို့မြင်တယ်။ဥပဒေထက်မှာ တစ်ယောက်မှ မရှိစေရလို့ဆိုရင် ဒီနေ့အွန်လိုင်းကဆွေးနွေးတာက ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ဥပဒေနဲ့ ငြိစွန်းနေတဲ့ အနေအထားမျိုး ဖြစ် တယ်။ဒါကြောင့် ရှေ့ဆက်ဆွေးနွေးမယ့်ပုဂ္ဂိုလ်တွေကလည်း ဥပဒေအောက်မှာ ဥပဒေနဲ့အညီ တရားဝင်အ လုပ်လုပ်နိုင်အောင် အကြမ်းဖက်အဖြစ်သတ်မှတ်ထားတာက ပယ်ဖျက်ဖို့လိုအပ်တယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် အကြမ်းဖက်အဖွဲ့အစည်းဟူသည့် ကြေငြာချက်ကို အစိုးရသာ လုပ်ဆောင်၍ ရသည့်အတွက် AA ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပြန်လည်ရုပ်သိမ်းရန်မှာလည်း အစိုးရကလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ဘူးသီး တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က အဆိုကို ထောက်ခံဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“မိဘဖြစ်နေတဲ့ နိုင်ငံတော်အစိုးရဟာ ဆက်လက်ပြီးငြိမ်းချမ်းရေးစားပွဲဝိုင်းကိုသွားဖို့အနေအထားမှာ အကြမ်း ဖက်အဖွဲ့အစည်းအဖြစ်ကြေငြာထုတ်ပြန်ချက်ဟာ အစိုးရကပဲ ထုတ်ပြန်လို့ရတဲ့အတွက် မိဘဖြစ်တဲ့ အစိုးရက ပြန်လည်ရုပ်သိမ်းပေးမှရမှာဖြစ်တယ်။ ဒါမှလည်း ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင် တွေ့ဆုံမှသာလျှင် ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ တိုးတက်ကောင်းမွန်လာပြီးတော့ ကျွန်တော်တို့ အားလုံး မျှော်လင့်တောင်း တနေကြတဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ ရရှိလာမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

AA ကို အကြမ်းဖက်အဖွဲ့မှပယ်ဖျက်ပေးရေး အဆိုတင်သွင်းခြင်းသည် သင့်လျော်သည့် လုပ်ဆောင်ချက်ဖြစ်သော်လည်း အကြမ်းဖက်အဖွဲ့အဖြစ်ပြန်လည်ရုပ်သိမ်းရန် တပ်မတော်၏ တင်ပြချက်အပေါ်မူတည်ကြောင်း အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မကြာသေးမီက ပြောကြားထားသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို အစိုးရက ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ် ၂၃ ရက်တွင် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်ပြီးလျှောက်လှမ်းနေသည့်နိုင်ငံဖြစ်သည့် အတွက် ပြည်တွင်းစစ်များရပ်စဲရန် ငြိမ်ချမ်းရေးဆွေးနွေးပွဲများ လျင်မြန်စွာပေါ်ထွန်းရန် အရေးကြီးကြောင်း မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ထောက်ပြခဲ့သည်။

“ကျွန်တော်တို့နိုင်ငံဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်ပြီး လျှောက်လှမ်းနေတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ပြည်တွင်းစစ်ပွဲတွေရပ်စဲဖို့လိုပါတယ်။ ပြည်တွင်းစစ်ရပ်စဲဖို့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အလျင်အမြန်ပေါ်ထွန်းလာဖို့ အင်မတန်အရေးကြီးပါတယ်။ အဲတာကြောင့် ULA/AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေငြာထားတာကို ပယ်ဖျက်ဖို့ အလွန်တရာအရေးကြီး နေပါတယ်။ဒါမှသာ လွတ်လပ်သောဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှ ကျော်တက်နိုင်မှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှ ဖြစ်ပွားလာသည့် တပ်မတော်နှင့် AA တို့တိုက်ပွဲများသည် နှစ်နှစ်နီးပါးအထိ စစ်ရေးအခြေအနေတင်းမာခဲ့ကြသော်လည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီရက်ပိုင်မှစ၍ တိုက်ပွဲမဖြစ်တော့သည်မှာ နှစ်လကျော်ရှိပြီဖြစ်သည်။

ယင်းသို့ တိုက်ပွဲများမရှိတော့သဖြင့် ရွေးကောက်ပွဲမကျင်းပဖြစ်သည့် နေရာများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် ရွေးကောက်ပွဲအပြီးတွင် AA  တောင်းဆိုခဲ့ဖူးသည်။

ရခိုင်ပြည်နယ်တွင် AA နှင့် မြန်မာ့တပ်မတော်ဖြစ်ပွားသည့်တိုက်ပွဲကြောင့် နေရပ်စွန်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် နှစ်သိန်းခြောက်သောင်းကျော်၊ အရပ်သားသေဆုံးသူ ၃၈၀ ဦး၊ ဒဏ်ရာရသူ ၆၉၄ ဦးရှိကြောင်းနှင့် AAနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ ၈၀၀ ကျော်အထိရှိနိုင်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...