၂၀၂၀ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၃၀၀၀ ကျော်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၁၂ ရက်ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့်စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ ၁၂ ရက်က ၁၆ ကြိမ်မြောက်ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် မဲစာရင်း ပုံစံ (၁) ၌ မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း (၁၄၄၇) ရှိပြီး မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း (၂၁၁၁) ရှိပြီး စုစုပေါင်း (၃၅၅၈) ရှိသည်ဟု ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်တွင် နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲဲ) မဲစာရင်းတွင် ပါဝင်နေသူအများဆုံးဖြစ်ပြီး (၇၇၈) ဦး၊ နိုင်ကတ်တူ အမည်တူ ဖခင်တူ (မိခင်မည်လွဲ၊ အသက်လွဲသူများ) (၁၁၂) ဦး၊ နိုင်ကတ်တူ အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) (၉၄) ဦး၊ နိုင်ကတ်အမှတ် (၁) ခုတည်းဖြင့် မဲစာရင်း (၃) ကြိမ်ပါဝင်နေသူများ (၉၃) စသည်ဖြင့်ရှိကြောင်း ထုတ်ပြန်ထားသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးစံသာကျော်က “သူတို့ ဘယ်စာရင်းကိုကြည့်ရတာလည်း ကျွန်တော်တို့ မသိဘူးဗျာ။ သူတို့ထုတ်ပြန်တာ ဘယ်ကစာရင်းနဲ့ ထုတ်ပြန်တာလည်းမသိဘူး။ ကျွန်တော်တို့ကတော့ ရပ်/ကျေးကနေလာတဲ့ မဲစာရင်းထဲကနေ အတည်လုပ်တာပဲလေ။ ကျွန်တော်တို့ ကော်မရှင်ကတော့ မဲမသမာမှုဆိုတာမရှိဘူးလို့ သတ်မှတ်တာပဲလေ။ ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့ဆီမှ မရှိဘူး။ ပြီးတော့ ဒီမှာမဲပေးတဲ့အချိန်မှာ ဒီလိုမသမာမှုတွေရှိတယ်ဆိုတာလည်း မကြားဘူး။ ကျွန်တော်တို့မှာ မဲမသမာမှုမရှိဘူးလို့ သတ်မှတ်ထားပါတယ်" ဟု ပြောသည်။
ချင်းပြည်နယ်တွင် လူဦးရေအများဆုံးဖြစ်ပြီး ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိသည့် ပလက်ဝမြို့နယ်တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက်ဟုဆိုကာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတုန်းက ပလက်ဝမြို့ပေါ်ရပ်ကွက် လေးခု၊ ဆမီးမြို့ပေါ်ရပ်ကွက် သုံး ခုနှင့် ရှင်းလက်ဝကျေးရွာအုပ်စုတို့မှာသာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ၉၄ ကျေးရွာအုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ပေ။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ မဲမသမာမှုပြုနိုင်သည့် မဲစာရင်းများကို ထုတ်ပြန်လျက်ရှိရာတွင် ချင်းပြည်နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ဟားခါးမြို့နယ်တွင် (၆၉၄၅) ဦး၊ တီးတိန်မြို့နယ်တွင် (၈၄၃၁) ဦး၊ တွန်းဇံမြို့နယ်တွင် (၃၃၈၁) ဦး၊ ဖလမ်းမြို့နယ်တွင် (၃၈၄၃) ဦး၊ ထန်တလန်မြို့နယ်တွင် (၅၇၆၈) ဦးနှင့် မတူပီမြို့နယ်တွင် (၄၆၈၄) ဦးရှိသည်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Published
Thursday, January 14, 2021
ပလက်ဝမြို့နယ်တွင် မဲမသမာမှုပြုနိုင်သော မဲစာရင်းပေါင်း ၃၀၀၀ ကျော်ရှိဟု တပ်မတော်ထုတ်ပြန်