NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရာတွင် သဘောထားကြီးရန်လိုအပ်ဟု CNLD ပါတီဥက္ကဌပြော

NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရာတွင် သဘောထားကြီးရန်လိုအပ်ဟု CNLD ပါတီဥက္ကဌပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ရာတွင် ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီများ၏ ဆန္ဒကိုအသိမှတ်ပြုပြီး သဘောထားကြီးရန်လိုအပ်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီမှ ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်ကပြောဆိုလိုက်သည်။

“အချင်းချင်းအသိမှတ်ပြုပြီးတော့ ပါတီကြီးအနေနဲ့လည်း သူ့ပြည်နယ်မှာသွားရောက်သွားတဲ့ အခြေအနေဖြစ်နေတဲ့အခါမှာ ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီတွေရဲ့ဆန္ဒကို အသိမှတ်ပြုပြီး လုပ်လိုက်ရင် ဘာခက်သွားလို့လဲ ပြေလည်မယ် ကျနော်တို့ အနှစ် (၇၀) ကျော် ခံစားချက်နဲ့ရှိလာတဲ့ တိုင်းရင်းသားတွေအနေနဲ့ အကုန်လုံးက Sensitive (ထိလွယ်ရှလွယ်) ဖြစ်သွားပြီဆိုတော့ ဒီဟာကို ပေါ့ပေါ့တန်တန်သွားလုပ်လို့မရဘူး” ဟု CNLD ပါတီမှ ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်ကပြောသည်။

အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီသည် နောင်အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု‌ ဖော်ဆောင်ရေးကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီ (၄၈) ခုထံသို့ ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ဖိတ်စာပေးပို့ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ တိုင်ရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုကို စတင်ခဲ့သည်။

ဒေါက်တာအောင်မိုးညိုဦးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁ ရက်ကပြုလုပ်သော ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုမှာ အဆင်ပြေသည်ဟုဆိုနိုင်သော်လည်း ဇန်နဝါရီ ၄ ရက်နှင့် ၁၂ ရက်နေ့က မွန်ပြည်နယ်နှင့် ကယားပြည်နယ်တွင်ပြုလုပ်သော တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမှုတွင်မူ နေရာညှိနိုင်းမရ၍ အသီးသီးပွဲပျက်ခဲ့ရသည်။

NLD ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပါတီဗဟိုဆုံးဖြတ်ချက်အရ ဆွေးနွေးပွဲများကို သက်ဆိုင်ရာပြည်နယ် NLD ပါတီရုံးတွင် ပြုလုပ်ရန်စီစဉ်ပြီး တိုင်းရင်းသားများဘက်ကမူ သီးခြားတစ်နေရာရာတွင် တွေ့ဆုံဆွေးနွေးကြရန် ဆန္ဒရှိနေသည့်အတွက် နှစ်ဖက်ညှိနှိုင်းမရကြသောကြောင်း ပွဲပျက်ခဲ့ကြရခြင်းဖြစ်သည်။

CNLD ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်က “ကိုယ်စားလှယ်သွားတဲ့သူတွေကလည်း ဗဟိုက မှာထားတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ သူတို့ဘာသာဆုံးဖြတ်ချက်ချနိုင်ပြီးတော့ သူတို့က လိုရင်လိုအပ်သလို ဖြေလျော့ပြီးတော့ သွားချည်းကပ်မယ်ဆိုရင် မပြေလည်နိုင်စရာမရှိဘူး ကျနော်တို့တိုင်းရင်းသားပါတီတွေဆိုတာ ကိုယ့်ခံစားချက် ကိုယ့်သမိုင်းကြောင်းတွေနဲ့ နိုင်ငံရေးလုပ်လာတဲ့ပါတီတွေဆိုေတာ့ သူ့အမြင်/ကိုယ့်အမြင် အမျိူးမျိူးတော့ရှိမှာပေါ့၊ အဲဒါလေးကိုတောင်မှ သတိမချပ်မိဘူး၊ အပေါ်စီးနဲ့ပဲဖြစ်ဖြစ် ချည်းကပ်မယ်ဆိုရင်တော့ မှားသွားမှာပေါ့" ဟု ထောက်ပြပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်များအနေဖြင့် တွေ့ဆုံမှုလုပ်ဆောင်မည်ဆိုပါက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ကိုသာ တွေ့ဆုံခြင်းမျိူးမဟုတ်ဘဲ ဆိုင်ရာပါတီကရွေးချယ်ထားသော ပုဂ္ဂိုလ်များနှင့် ဆွေးနွေးသင့်သည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။

“ပါတီကိုပဲချည်းကပ်လိုက်ရင် အကောင်းဆုံးဖြစ်မှာပါ ဒီပုံစံဆိုရင် အနိုင်ရတဲ့ပုဂ္ဂိုလ် လွှတ်တော်အမတ်နဲ့ သူ့ပါတီကြားမှာလည်း အမျိုးမျိုး ယုံထင်/ကြောင်ထင်ဖြစ်နိုင်လာနိုင်တယ်။ ပါတီကိုချည်းကပ်တာ အကောင်းဆုံးပေါ့။ ပါတီမှတဆင့် တွေ့မယ့်ပုဂ္ဂိုလ်တွေကိုရွေးပေါ့ ဒီပုဂ္ဂိုလ် ဒီပုဂ္ဂိုလ် သင့်တော်တယ်ဆိုတာ ပြောရမယ်ဆိုရင်တော့ အနိုင်ရတဲ့ပုဂ္ဂိုလ်တွေပဲထည့်မှာပါ” ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်က ပြောသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီသည် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေတစ်နေရာ အနိုင်ရရှိထားသည့်ပါတီဖြစ်သည်။

NLD ပါတီကိုယ်စားလှယ်အဖွဲ့သည် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် ရှမ်းပြည်နယ်သို့ ခရီးဆက်မည်ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...