NLD ပါတီက တွေ့ဆုံရန်အကြောင်းကြားပါက တွေ့ဆုံရန်ပြင်ဆင်ထားဟု ကယန်းအမျိုးသားပါတီပြော

NLD ပါတီက တွေ့ဆုံရန်အကြောင်းကြားပါက တွေ့ဆုံရန်ပြင်ဆင်ထားဟု ကယန်းအမျိုးသားပါတီပြော
by -
နော်ဒွေးအယ်ခူ (KT)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ကယန်းအမျိုးသားပါတီ (KNP) နှင့်တွေ့ဆုံရန် အကြောင်းကြားလာပါက တွေ့ဆုံမည်ဖြစ်ပြီး အသင့်ပြင်ထားကြောင်း ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးကပြောသည်။

“အကြမ်းဖျင်းကတော့ တွေ့နိုင်ဖို့ကိစ္စရယ် တွေ့တဲ့ဟာကကောင်းတယ်လို့ ယူဆတယ်ပေါ့။ အဲဒါကြောင့်မလို့ တွေ့မယ်လို့ ဆုံးဖြတ်ထားလည်းရှိတယ်။ တွေ့ရမယ့်အကြောင်းအရာတွေလည်း ပြင်ဆင်ထားတာရှိတယ် ပေါ့နော်။ ဒါပေမယ့် တခြားသော ဥပမာလိုပါပဲ။ မွန်ပြည်နယ်မှာကော၊ ကယားပြည်နယ်မှာကော ဖြစ်ပျက်ခဲ့တဲ့ပါ တီတွေနဲ့ NLD ဖက်က တွေ့ဖို့စီစဉ်မှုတွေမှာ နည်းနည်းလေး ပြင်ဆင်မှုတွေ ကြိုတင်ညှိနှိုင်းမှုတွေ ရှိလို့လိုမယ်ထင်တယ်” ဟု ခွန်းဘီထူးကပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာအောင်မိုးညို ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်သည့် ကယားပြည်နယ်ဒီမို ကရက် တစ်ပါတီ (KySDP) နှင့် ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း နေရာညှိနှိုင်းမှုအဆင်မပြေသဖြင့် တွေ့ဆုံပွဲပျက်ခဲ့ရသည်။

NLD မှ ကယားတိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးရန် ကယားပြည်နယ်သို့ရောက်ရှိလာ သော်လည်း ကယန်းတိုင်းရင်းသားပါတီနှင့်တွေ့ဆုံရန် အကြောင်းထားခြင်း၊ စာမအသိပေးထားခြင်းမရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကယန်းအမျိုးသားပါတီကို အကြောင်းကြားတာတွေ စာပို့တာတွေ ဘာတစ်ခုမှမရှိဘူး။ ဆိုတော့ ဒီတွေ့ဆုံမှုက ကယားဒီမိုကရက်တစ်ပါတီနဲ့ပဲတွေ့ဖို့ ရည်ရွယ်ပုံရတယ်။ သတင်းထဲမှာ NLD ဖက်က ကယန်းအမျိုးသားပါတီကို တွေ့မယ်လို့ ကြေညာသော်ငြားလည်း တကယ့်တကယ် ဖုန်းဆက်အကြောင်းကြားတာတို့ ညှိနှိုင်းအကြောင်းကြားတာတို့လည်း မရှိခဲ့ဘူးပေါ့။ ကျွန်တော်တို့ကတော့ ကယားပြည်နယ်မှာတွေ့မယ့်စာရင်းထဲမပါဘူးလို့ ယူဆရပါတယ်” ဟု ခွန်းဘီထူးက ဆက်လက်ပြောသည်။

ရွေးကောက်ပွဲအပြီး NLD က “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ခေါင်းစဉ်ဖြင့် တိုင်ရင်းသားနိုင်ငံရေးပါတီများသို့ နိုဝင်ဘာ ၁၂ ရက်က ပေးပို့သောစာတွင် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တိုင်းရင်းသားများနှင့်တွေ့ဆုံရာတွင် NLD ပါတီမှ ပါတီအတွင်း ပြန်လည်သုံးသပ်ပြီး တိုင်းရင်းသားလူမျိုးစုအတွက် ပြည့်ပြည့်ဝဝအကောင်အထည်ဖော်သင့်ေကြာင်း ခွန်းဘီထူးက သုံးသပ်ပြောဆိုသည်။

“တကယ့်လက်တွေ့အကောင်အထည်ဖော်တဲ့အချိန်မျိုးမှာ ဒီဟာတွေနဲ့ကွဲလွဲပြီး အကောင်အထည်ဖော်နေတာမျိုး ဖြစ်နေတော့ ဒါတွေကတော့ မသင့်တော်ဘူးလို့ယူဆတယ်ပေါ့နော။ ဒီဟာကို NLD ပါတီကြားမှာကော သုံးသပ်ပြီးတော့မှ တိုင်းရင်းသားပါတီနဲ့ တွေ့နိုင်ဖို့ကအရေးကြီးတယ် တွေ့ချင်းက တိုင်းပြည်အတွက်ကော တိုင်းရင်းသားလူမျိုးစုအတွက်ကော အရေးပါတဲ့တွေ့ဆုံမှုဖြစ်တဲ့အတွကကြောင့် အကောင်အထည်ကို ပြည့်ပြည့်ဝဝ ဖော်သင့်တယ်လို့ယူဆတာပေါ့” ဟု ၎င်းကပြောသည်။

ကယန်းအမျိုးသားပါတီသည် ကယားပြည်ဒီမိုကရက်တစ်ပါတီနှင့် မဟာမိတ်ဖွဲ့၍ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်ပြီး ကယားပြည်နယ်တွင် မဲဆန္ဒနယ်ပေါင်း ၃၄ နေရာအနက် မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်တစ်နေရာနှင့် ပြည်သူ့လွှတ်တော်တစ်နေရာ၊ ဒီမော့ဆိုမြို့နယ် ပြည်နယ်လွှတ်တော်တစ်နေရာ၊ အမျိုးသားလွှတ်တော်တစ်နေရာ စသည့် မဲဆန္ဒနယ် လေးနေရာနှင့် ရှမ်းပြည်နယ်တွင် ငါး နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကယန်းလူမျိုးတိုင်းရင်းသားရေးရာ တစ်နေရာ အနိုင်ရရှိထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...