ဒုတိယသက်တမ်းအတွင်းကတိပေးခဲ့သည့် မေးခွန်း၊ အဆိုများ အစိုးရအနေဖြင့် အကောင်အထည်ဖော်နိုင်မှု ထက်ဝက်ပင်မရှိဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဝေဖန်

ဒုတိယသက်တမ်းအတွင်းကတိပေးခဲ့သည့် မေးခွန်း၊ အဆိုများ အစိုးရအနေဖြင့် အကောင်အထည်ဖော်နိုင်မှု ထက်ဝက်ပင်မရှိဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဝေဖန်

မွန်ပြည်နယ်လွှတ်တော် ဒုတိယသက်တမ်းအတွင်း ကတိပေးခဲ့သည့် မေးခွန်း၊ အဆိုများနှင့်ပတ်သက်၍ အစိုးရအကောင်အထည်ဖော်နိုင်မှုထက်ဝက်ပင်မရှိဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ကပြောသည်။

မွန်ပြည်နယ်လွှတ်တော် ဒုတိယသက်တမ်းတွင် စုစုပေါင်းအဆို ၄၈ ခု တင်သွင်းခဲ့ပြီး အတည်ပြုထားသည့်အဆို ၄၃ ခုနှင့် ဆုံးဖြတ်ချက်ရယူသည့် အဆင့်မှာ ၁၀ ဂဏာန်းခန့်သာ ရှိကြောင်း မွန်ပြည်နယ်လွှတ်တော်၏ မှတ်တမ်းများအရ သိရသည်။

“အဆိုတွေကတော့ အဲအနေအထားမျိုးပဲရှိတယ်။ အစိုးရအဖွဲ့နဲ့ အခြေအတင်အငြင်းအခုံဖြစ်ပြီးတော့ ဆုံးဖြတ်ချက် ရယူရတဲ့အဆင့်မျိုးကတော့ ၁၀ ဂဏာန်းလောက်ပဲရှိမယ်။ အဲဒါတွေလဲ ပြောရရင်တော့ အခြေအတင်ဖြစ်ခဲ့တဲ့ အဆိုတွေပေါ့နော် အတည်မပြုနိုင်တဲ့အဆင့်မျိုးလည်း တခါတလေဖြစ်တယ် ဒီအဆိုတွေအပေါ်မှာ အတည်ပြုခဲ့သော်ငြားလဲ ဆောင်ရွက်မှုအပိုင်းပြန်ကြည့်တဲ့အခါကျတော့  ရာနှုန်းပြည့် အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူး။ ကျွန်တော်တို့ ဒီဘက် လွှတ်တော်က လွှတ်တော်ဥက္ကဋ္ဌရေးရာကော်မတီတွေ အကုန်လုံးဆွေးနွေးသုံးသပ်ပြီးတော့ အကောင်အထည်ဖော်နိုင်မှုက ကျနော်တို့ခန့်မှန်းတာကတော့ ၄၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ထက်ဝက်တော့မကျိုးဘူး” ဟု လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကပြောပါတယ်။

တင်သွင်းခဲ့သည့်အဆို ၄၈ ခုတွင် မူဝါဒနှင့် ဆိုင်သည့်အဆို၊ တရားဥပဒေစိုးမိုးရေးနှင့်ဆိုင်သည့်အဆို၊ မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးကိစ္စ၊ လောင်းကစားကိစ္စနှင့်ဆိုင်သည့်အဆိုများ၊ အကျင့်ပျက်ချစားမှုများဖြစ်နေသည့်ကိစ္စရပ်များကို ထိန်းကျောင်းပေးရန်အဆိုနှင့် ဂုဏ်ပြုသည့်အဆိုတို့ ပါဝင်သည်ဟု ပြည်နယ်လွှတ်တော် တာဝန်ရှိသူများက ပြောသည်။

လွှတ်တော်တွင်း မေးမြန်းဆွေးနွေးခဲ့သည့် မေးခွန်းများနှင့်ပတ်သက်၍လည်း ကတိဝင်ခဲ့သည့်မေးခွန်းများအနက်မှ ထက်ဝက်ပင် အကောင်အထည်ဖော်ပေးနိုင်စွမ်းမရှိဘူးဟုလည်း လွှတ်တော် ဒု-ဥက္ကဋ္ဌ က ဆက်ပြောသည်။

“ကျွန်တော်တို့ဘက်က သုံးသပ်တဲ့ သုံးသပ်ချက်အရဆိုရင် ယေဘုယျပေါ့နော် အားလုံးရဲ့ ကတိဝင်မေးခွန်းရဲ့ ထက်ဝက်ကိုလည်း အကောင်အထည်ဖော်ပေးနိုင်စွမ်းမရှိဘူး သုံးသပ်ရရှိတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြော သည်။

လွှတ်တော် ဒုတိယသက်တမ်းအတွင်း၌ မေးခွန်းစုစု‌ပေါင်း ၆၀၉ ခု မေးမြန်းခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၅၉၃ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၆ ခုရှိသည်ဟု လွှတ်တော်မှတ်တမ်းများအရ သိရသည်။

၎င်းအပြင် လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း ပြဌာန်းခဲ့သည့် ဥပဒေများအပေါ်တွင်လည်း အစိုးရ၏ အကောင် အထည်ဖော်မှုသည် အားမလို အားမရဖြစ်ရကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ပြောသည်။

“ဥပဒေပြဌာန်းပြီးတော့ ဥပဒေကို အကောင်အထည်ဖော်ပေးမယ့် အစိုးရဘက်က အုပ်ချုပ်ရေးဘက်က ဆောင်ရွက်ချက်က ကျမတို့ သိပ်အားမလို အားမရဖြစ်တာပေါ့နော်။ အစိုးရဘက်က သူ့အခက်အခဲနဲ့သူ ရှိနေမလားပေါ့။ ဥပဒေပြဌာန်းတာက လွှတ်တော်က လက်လွတ်စပယ်မလုပ်ပါဘူး။ ရှိရင်းဥပဒေကို ကြည့်တယ် ခေတ်စနစ်နဲ့မညီဘူး ပြည်သူတွေအတွက် အကျိုးမရှိဘူးဆိုရင် ကျမတို့က ပြင်ဆင်ဖို့ ဖြည့်စွတ်ဖို့ အသစ်ရေးဆွဲဖို့ ကျမတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်။ အစိုးရဘက်က ဥပမာ အများသိတဲ့အတိုင်းပဲ ၂၀၁၇ ခုနှစ်ကတည်းက စည်ပင်ဥပဒေကို ရေးဆွဲခဲ့တယ်။ အစိုးရဘက်က နည်းဥပဒေ မထုတ်ပြန်ဘူး နည်းဥပဒေမထုတ်ပြန်တော့ ကျမတို့က ခနခနတိုက်တွန်းတယ်။ ခနခန မေးခွန်တွေလည်းတင်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ အဲတော့ အစိုးရဘက်က ယနေ့တိုင် နည်းဥပဒေမဆွဲသေးပါဘူး အစိုးရသက်တမ်းလည်း ပြီးဆုံးတော့မှာ” ဟု  မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းတွင် စည်သာယာရေးဥပဒေ၊ စည်ပင်သာယာ အခွန်အခကောက်ဥပဒေ၊ လျှပ်စစ်ဥပဒေ၊ စာကြည့်တိုက်ဥပဒေ၊ ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် နှစ်စဉ်တင်သွင်းရသည့် ဘတ်ဂျတ်ဥပ‌ဒေ၊ ဒေသန္တရစီမံကိန်းဥပဒေတို့ကို အသစ်ရေးဆွဲ ပြင်ဆင်ဖြည့်စွက်မှုများ ဆောင်ရွက်ခဲ့သည်ဟု ပြည်နယ်လွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီမှ သိရသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့ပြီး ဩဂုတ်လက ကျင်းပခဲ့တဲ့ (၁၇) ကြိမ်မြောက်အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၁၇ ကြိမ် အရေးပေါ်အစည်းအဝေး ၁ ကြိမ်နှင့် အထူးအစည်းအဝေး ၂ ကြိမ် ကျင်းပခဲ့သည်။

မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့ဖြင် ဖွဲ့စည်းထားသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ပါဝင်ခဲ့ကြသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးတွင် အမျိုးသားဒီမိုကရေးအဖွဲ့ချုပ်ပါတီမှ ၁၉ ဦး၊ မွန်အမျိုးသားပါတီမှ နှစ်ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ တစ်ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တစ်ဦးတို့ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...