ပါတီတစ်ခုတည်း၏ မူပေါ်လစီကသာဲ အကောင်အထည်ဖော်မည်ဆိုပါက ပြီးပြည့်စုံသည့် အမျိုးသားညီညွတ်ရေးအစိုးရ ဖြစ်မလာနိုင်ဟု မွန်ညီညွတ်ရေး ပါတီ MUP အထွေထွေအတွင်းရေးမှူး - ၁ နိုင်လယိတမ ကပြောသည်။။
နိုင်လယိတမ က “အကယ်၍ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့တဲ့အခါမှာ တစ်ပါတီထဲရဲ့ ပေါ်လစီပဲ အကောင်အထည်ဖော်မယ် ဆိုလို့ရှိရင် အဲဒီ အစိုးရကတော့ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရလို့ မဆိုနိုင်ဘူးပေါ့။ ကျွန်တော်တို့ နားလည်တာက အမျိုးသား ညီညွတ်ရေး အစိုးရ ဆိုတာက အမျိုးသား ညီညွတ်ရေး အစိုးရမှာ ပါဝင်ဖွဲ့စည်းမယ့် ပါတီအားလုံးရဲ့ သဘောတူညီချက်နဲ့ ချမှတ်ထားတဲ့ ပေါ်လစီတွေကို အကောင် အထည်ဖော်မယ့် အစိုးရလို့ ကျနော်တို့က အဲသလို နားလည်ထားပါတယ်” ဟုပြောသည်။
နှစ်ပေါင်း ၇၀ ကျော်ကြာဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းများနှင့် အမျိုးသား ပြန် လည်သင့်မြတ်ရေး၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေး စသည့် ပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသား ညီညွှတ်ရေး အစိုးရတစ်ရပ်သည် အထူး လိုအပ်လျက်ရှိသော်လည်း ညီညွတ်ရေး အစိုးရ ဖွဲ့ရာတွင် ထည့် သွင်းစဉ်းစားရမည့် အချက်များနှင့် ပတ်သက်၍ နိုင်လယိတမ က ယခုလို ဆက်ပြောသည်။
၎င်းက “အမျိုးသား ညီညွှတ်ရေးအစိုးရ ဖွဲ့စည်းဖို့ စဉ်းစားတဲ့အခါမှာ အမျိုးသား ညီညွှတ်ရေး အစိုးရ မဖွဲ့စည်း ခင်မှာ အဲဒီအမျိုးသား ညီညွှတ်ရေး အစိုးရမှာ ပါဝင်ကြမယ့် နိုင်ငံရေး ပါတီတွေ အားလုံးကြားမှာ အမျိုးသား ညီညွှတ်ရေး အစိုးရရဲ့ မူဝါဒပေါ်လစီတွေကို အရင်ဦးဆုံး သဘောတူညီချက်ရအောင် ညှိနှိုင်းဖို့လိုတယ်။ အဲဒီ ပါဝင်တဲ့ ပေါ်လစီ သဘောတူညီချက် ရရှိမှသာလျှင် ဒါက နောင်လာမယ့် အမျိုးသား ညီညွှတ်ရေး အစိုးရဲ့ ပေါ်လစီ အဲဒီပေါ်လစီအတိုင်းကို အမျိုးသားညီညွှတ်ရေး အစိုးရက တာဝန်ခံပြီးတော့ လုပ်ဆောင်ဖို့ လိုတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်လောက်သည့်အထိ အနိုင်ရရှိထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တိုင်းရင်းသား ပါတီများ ပါဝင်သည့် အမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့စည်းမည်ဟု ပြောဆိုမှု အပေါ် တိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများက ထောက်ခံကြိုဆိုခဲ့ကြသည်။
သို့သော် အနိုင်ရပါတီက ပြောဆိုထားသည့်အတိုင်း အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းရေးကို အ ကောင်အထည်ဖော်ရန် တိုင်းရင်းသား ပါတီများက လိုလားနေကြသော်လည်း ပါတီတစ်ခုတည်း၏ မူဝါဒ ပေါ်လစီကို အကောင်အထည်ဖော်ခြင်းမျိုးမဟုတ်ပဲ ပါတီပေါင်းစုံ၏ သဘောထား ပါဝင်သော မူဝါဒ ပေါ်လစီ ကိုသာ လိုလားသည်ဟု ဆိုသည်။
ထို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် တိုင်းရင်းသား ပါတီများကြားတွင် စုပေါင်းသဘော တူညီချက် ရှာဖွေရန်လိုအပ်ပြီး စုပေါင်း သဘောတူ ညီချက် မရှာဖွေနိုင်သေးသရွေ့ တိုင်းရင်းသားများ အားလုံး လိုလားကြသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာလည်း အလှမ်းဝေးနေအုံးမည်ဟု မွန်ညီ ညွှတ်ရေး ပါတီ MUP က ဆိုသည်။
နိုင်လယိတမက “ဒီလိုအားလုံးက လက်ခံနိုင်တဲ့ ဖက်ဒရယ် မူတစ်ခု ကို ရရှိဖို့အတွက်က ညှိနှိုင်းဆွေးနွေး မှုနဲ့က ကျနော်တို့က ရရှိနိုင်မှာ ဖြစ်တယ်။ အဲဒီတော့ အနာဂတ်သွားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည် ဆောက်တဲ့နေရာမှာ NLD နဲ့ တိုင်းရင်းသား ပါတီကြားမှာ စုစုစည်းစည်းနဲ့ စုပေါင်းပြီးတော့ သဘောတူ ညီချက် မရှာနိုင်သမျှကတော့ ကျနော်တို့ ဖက်ဒရယ်ခရီးက ဆက်ပြီးတော့ ဝေးနေအုံမယ်လို့ ကျနော်ထင်ပါ တယ်” ဟု ပြောသည်။
လက်ရှိတွင် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD ပါတီက အမျိုးသား ညီညွှတ်ရေး အစိုးရနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် NLD ၏ ကိုယ်စားလှယ်များက ပြည်နယ်များရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများမှ အနိုင်ရကိုယ်စားလှယ်များအား တွေ့ဆုံမှု များကို လုပ်ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်က ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီ သုံးခုမှ အနိုင်ရကိုယ် စား လှယ်များနှင့် NLD ပါတီမှ ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့ NLD ပါတီ ရုံးတွင် တွေ့ဆုံခဲ့ကြသည်။
ထို့အတူ မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီ MUP နှင့် NLD ပါတီမှ ကိုယ်စားလှယ်တို့ တွေ့ဆုံရန် နှစ်ဖက် သဘောတူထားကြသော်လည်း နေရာညှိနှိုင်းရာ အဆင်မပြေသည့်အတွက် ဆွေးနွေးပွဲမှာ ပျက်သွားခဲ့ရသည်။
တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် NLD ပါတီမှ ကိုယ်စားလှယ် အဖွဲ့သည် လက်ရှိတွင် ကယားပြည်နယ်သို့ ရောက်ရှိနေပြီး ကယားပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပြီး နောက် ထိုမှတစ်ဆင့် ရှမ်းပြည်နယ်သို့ ဆက်သွားမည်ဟု သိရသည်။