စည်သူ — အသက်(၇၀) အရွယ် အဖိုးအိုတစ်ဦးက နံနက်မိုးလင်း ဝေလီဝေလင်း အချိန်မှာ မြစ်ကြီးနားမြို့၊ မန္တလေးကျောင်းတိုက်ရှေ့မှာ ဖွင့်ထားတဲ့ ပွဲရုံတန်းမှာ ဘောက်ချာတွေ အပြန်ပြန်အလှန်လှန် ကြည့်ရင်း အလုပ်ရှုပ်နေပါတယ်။
“တစ်နေ့က ချလိုက်တဲ့ကားကတော့ အခု စာရင်းချုပ်ကြည့်တာ၊ အမြတ်မထွက်တဲ့အပြင် ရှုံးနိုင်တဲ့ အခြေအနေ ရှိနေတယ်”လို့ သူ့အနီးအနားမှာ ရှိတဲ့သူတွေကို ပြောဆိုနေတာပါ။
သူငယ်စဉ်ဘ၀ အသက်(၃၀)ကျော် အရွယ်ကတည်းကနေ မြစ်ကြီးနားမြို့မှာ အခြေချပြီးတော့ ရာသီပေါ် သီးနှံပွဲစားလုပ်ခဲ့ပြီး မစွန့်လွှတ်နိုင်သေးတဲ့ သူ့လက်ငုတ်လက်ရင်း အလုပ်ကို အခုချိန်ထိ လုပ်ကိုင်နေပြီးတော့ မိသားစုကို အလုပ်ကျွေးပြုနေပါတယ်။ အဘိုးအိုရဲ့ နာမည်ကတော့ ဦးဒွမ်ဖော့အောင်လို့ ခေါ်ပါတယ်။
အဘိုးနဲ့ အသက်တူပွဲစားလုပ်ကိုင်လာသူ အများစုဟာ လက်ရှိအချိန်မှတော့ ဆုံးပါးသွားခဲ့ပြီး မြစ်ကြီးနားမြို့ရဲ့ ဝါအရင့်ဆုံး သီးနှံပွဲကြီးဆိုလို့ အဘိုးဦးဒွမ်ဖော့အောင် တစ်ဦးသာ အသက်ရှင် ကျန်ရစ်တော့တာပါ။
လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေမှာ မြစ်ကြီးနားမြို့က ပွဲစားဆိုသူတွေဟာ ဒေသခံတွေနဲ့ စကားပြောရင်း ခြေရှုပ်နေကြပါတယ်။
“တစ်လုံးကို ခူးခ သုံးကျပ်ပေး။ တစ်ကျပ်တော့ ထပ်တိုးပေးပါဦး အစ်မရယ်။ ဒီလိုနဲ့ ညှိကြ၊လုပ်ကြ လုပ်ခဲ့ကြတာ။ အဲဒီအချိန်တုန်းက ဒေသခံတွေလည်း အဆင်ကိုပြေလို့”လို့ အနှစ်(၄၀) လောက် မြစ်ကြီးနားမြို့မှာ သီးနှံပွဲစားလုပ်ကိုင်လာခဲ့တဲ့ ဦးဒွမ်ဖော့အောင်က အရင်နှစ်တွေက လုပ်ကိုင်လာခဲ့ပုံကို ပြန်ပြောင်းပြောပြပါတယ်။
အဘိုး ဦးဒွမ်ဖော့အောင်တို့ ပွဲစားအဖြစ် စတင်လုပ်ကိုင်ခဲ့တဲ့ အချိန်တွေတုန်းက လမ်းခရီးအဆင်မပြေတာတွေကြောင့် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမယ့်လည်း တခြားအခက်အခဲ မရှိတာကြောင့် အတော်အသင့် စီးပွားဖြစ်ထွန်းခဲ့တယ်လို့ ဆိုလို့ ရပါတယ်။ အခုဆိုရင်တော့ အရင် အခြေအနေတွေနဲ့ ကွာခြားခဲ့ရပါပြီ။
မြန်မာ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ကေအိုင်အေတို့ တစ်ကျော့ပြန်တိုက်ပွဲ မဖြစ်ပွားခင်က ဝိုင်းမော်မြို့တစ်ဖက်ကမ်း ဂါးရာယန်၊ ကဇူးယန်၊ဒဘတ်ယန်၊ နန်ဆန်ယန်၊ ကန်တော်ယန်၊ ဆန်ပိုင် စတဲ့ ကျေးရွာတွေမှာ နှစ်စဉ် အောက်တိုဘာလလောက်ကနေစပြီး၊ ကချင်ပြည်နယ်ထွက် လိမ္မော်သီးတွေကို အရောင်းအဝယ် အကြီးအကျယ် ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီအချိန်တွေတုန်းက ဒေသခံ လူကြီးလူငယ်မရွေး အလုပ်အကိုင်လည်း ရရှိကြသလို သီးနှံပွဲစားတွေ အတွက်လည်း ငွေရှာကောင်းတဲ့ ရာသီလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ အခုတော့ ဒီအခြေအနေ ပြောင်းပြန်ဖြစ်ခဲ့ရပါပြီ။ တပ်မတော်နဲ့ ကေအိုင်အိုတို့အကြား တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်တဲ့နောက်ပိုင်းမှာ ကချင်တစ်ပြည်နယ်လုံးရဲ့ အသီးထွက်နှုန်း (၆၀)ရာခိုင်နှုန်းလောက်ရှိတဲ့ လိုင်ဇာဘက်ကို သွားတဲ့လမ်းရဲ့ ရွာတွေက လူတွေဟာ တိုက်ပွဲတိမ်းရှောင်ခဲ့ရတာကြောင့် လိမ္မောခြံတွေကို ပစ်ထားခဲ့ရပါတယ်။ တိုက်ပွဲပြန်ဖြစ်တဲ့ ကိုးနှစ်တာအတွင်းမှာ ခြံမရှင်းနိုင်တာတွေ၊ အိမ်ပြန်ခွင့် မရတာတွေကြောင့် အဲဒီရွာတွေက လိမ္မော်ပင်တွေဟာ အသီးမသီးတော့ဘဲ သေကုန်ကြပါတယ်။
“ကျွန်တော့်ခြံက အပင်တွေ သွားကြည့်လိုက် အကုန်သေကုန်ပြီ။ ဘာမှလုပ်လို့ မရတော့ဘူး။ ခုတ်ပြီးထင်းလုပ်လို့ပဲ ရတော့မယ်”လို့ လိမ္မော်ခြံပိုင်ရှင် တစ်ဦးဖြစ်တဲ့ ကိုတူးခေါင်က နစ်နာရတဲ့အကြာင်းကို ခပ်တင်းတင်းလေး ပြောဆိုပါတယ်။
တိုက်ပွဲမဖြစ်ခင်က သူ့ရဲ့လိမ္မော်ခြံဟာ ပုတ်ပြတ်ရောင်းရုံနဲ့ တစ်နှစ်ကို သိန်း(၄၀)လောက် အနည်းဆုံးရရှိတယ်လို့လည်း ကိုတူးခေါင်က ဆိုပါတယ်။
တပ်မတော်နဲ့ ကေအိုင်အေတို့ ၂၀၁၁ ခုနှစ် ဇွန်လ (၉)ရက်နေ့က တစ်ကျော့ပြန်စစ်ပွဲ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ ကချင်ပြည်နယ်ရဲ့ အဓိက စီးပွားရေးတစ်ခုဖြစ်ခဲ့တဲ့ ရာသီပေါ်သီးနှံ လိမ္မော်သီးဈေးကွက် ပျက်စီးခဲ့သလို ခြံပိုင်ရှင်တွေ၊ သီးနှံပွဲစားတွေပါ အလုပ်မဖြစ်တော့တဲ့အပြင် အလုပ်သမားတွေပါ အလုပ်အကိုင်အခွင့်အလမ်း မရရှိကြတော့ပါဘူး။
မြန်မာနိုင်ငံမှာ ထွက်တဲ့အထဲ အကောင်းဆုံးအသီးလို့ ခေါ်လို့ရတဲ့ မန်ဒေါင်သီးတွေဟာ အရင်ကလို ချိန်မြိန်တဲ့အရသာ သိပ်မရှိတော့ပါဘူး။ အကြောင်းကတော့ ဂါးရာယန်တစ်ကြောက အသီးတွေ မထွက်တော့ ရာသီစပြီ ဆိုတာနဲ့ မန်ဒေါင်တစ်ဝိုက်က အသီးတွေကို အသီးမမှည့်ခင် လောက်ကတည်းက ခူးဆွတ် ရောင်းချခဲ့ရတာကြောင့် ရွှေလိမ္မော်တွေ အရင်ကလို မချိုနိုင်တော့ဘဲ အရသာ ကွာခဲ့ရပါတယ်။ နောက်ထပ် လိမ္မော်သီးထွက်တဲ့ နေရာကတော့ လဝါးကျေးရွာကနေ တနိုင်းဘက်ကို သွားတဲ့လမ်းကပါ။ အဲဒီဒေသက ထွက်တဲ့ အသီးတွေကလည်း အခုနှစ်မှာ မိုးများခဲ့လို့ အသီးအထွက်နှုန်း လျော့နည်းတယ်လို့ ပွဲစားတွေက ဆိုပါတယ်။
“မိုးများတယ်။ အပင်တွေ နည်းနည်းလေးခြောက်တယ်။ အသီးကသေးတယ်။ အရောင်းအဝယ်က ထိုင်းတယ်။ အသီးကလည်းမအောင်မြင်ပါဘူး။ လုပ်စားရတာ အရမ်းခက်လာတယ်။ စစ်ရေးက မကောင်းတဲ့အခါကျတော့ သွားလို့လာလို့လည်း ခက်ကြတာပေါ့”လို့ ဝါရင့် သီးနှံပွဲစားကြီး ဦးအောင်နိုင်မြင့်က ဒီနှစ်ရဲ့ လိမ္မော်ရာသီအခြေအနေကို ညည်းတွားပြောဆိုပါတယ်။
တစ်ကျော့ပြန်ပွဲတွေ မဖြစ်ခင် အသီးလှိုင်လှိုင်ထွက်ခဲ့စဉ်က အသီးဈေးကွက်ဟာ လူတန်းစားပေါင်းစုံ ဝယ်စားနိုင်တဲ့ ဈေးနှုန်းပဲ ရှိခဲ့တာကြောင့်၊ သံလမ်းတစ်လျှောက်က အသီးသည်တွေက အရောင်းအဝယ်ပြုကြတဲ့အပြင် မန္တလေးမြို့အထိတောင် ပို့ဆောင်ရောင်းချခဲ့ရပါတယ်။
အခု နောက်ပိုင်းမှာတော့ အသီးဈေးက များလွန်းတာကြောင့် အဝေးမြို့က သီးနှံလုပ်ကိုင်သူတွေ မှာယူတာတွေ မရှိကြတော့လို့ မြို့ပေါ်က ဖင်ထိုင်သည်တွေကိုပဲ အသစ်ပေး အဟောင်းယူပုံစံနဲ့ ပြန်လည်ရောင်းချနေကြရပါတယ်။
“အရင်ကဆို ကားတစ်စီးချလိုက်ရင် တစ်ရက်နှစ်ရက်ဆိုကုန်ပြီ။ အခုက အဝေးတင် မရှိတဲ့အခါကျတော့ ပွဲရုံရှေ့မှာပဲ လက်လီပြန်ရောင်းနေရတယ်။ လက်ကားဖောက်သည်တွေ မရှိတော့ဘူး။ တစ်စီးတစ်စီးကုန်ဖို့အနိုင်နိုင်”လို့ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ မမြင့်က လက်ရှိ ဈေးကွက်အခြေအနေကို ပြောပြပါတယ်။
လက်ရှိ လက်လီဈေးကွက်ထဲမှာတော့ အသီးတစ်လုံးကို အနည်းဆုံး(အသေး) ၁၀၀ ကနေ အကြီးဆုံး (၃၀၀) လောက်အထိ ရောင်းချနေရပြီး ၂၀၁၁ ခုနှစ် မတိုင်မီအချိန်တွေကတော့ တစ်လုံးကို (၁၀၀)ဝန်းကျင်လောက်ပဲရှိလို့ လူတိုင်းဝယ်စားနိုင်ခဲ့ကြပါတယ်။
“တစ်နေကုန် ရောင်းတာ(၃၀၀၀)ဖိုးပဲ ဈေးဦးပေါက်တယ်။ အရင်းရဖို့တောင် မနည်းမနည်း ရောင်းနေရတယ်”လို့ ဖင်ထိုင်ဈေးသည် ဒေါ်တင်မာဦးက ဆိုပါတယ်။
စစ်မဖြစ်ခင်အချိန်တွေတုန်းကဆိုရင် ခေါင်းရွက်ဗန်းသည်တွေ၊ စက်ဘီးအထမ်းသည်တွေ၊ ဖင်ထိုင်ဈေးသည်တွေ၊ ဈေးမှာ ရောင်းချတဲ့သူတွေ အကုန်လုံးဟာ လိမ္မော် တစ်ရက်ရောင်းရတဲ့ စရိတ်နဲ့ စားရေးသောက်ရေး ဖူလှုံတဲ့အပြင် မိသားစု အပိုဝင်ငွေတွေပါ ရရှိခဲ့ကြပါတယ်။
“တစ်နေကုန် လိုက်လှည့်ရောင်းတာတောင် စားဖို့သောက်ဖို့က မနည်းပဲ။ တစ်နှစ်နဲ့တစ်နှစ် လုပ်စားရတာ မလွယ်လှဘူး”လို့ ဆိုင်ကယ်နဲ့ မြစ်ကြီနားမြို့ထဲ လှည့်လည် ရောင်းနေတဲ့ ဒေါ်အေးအေးဆွေက ဆိုပါတယ်။
မြစ်ကြီးနားမြို့က သီးနှံပွဲရုံတွေမှာ တိုက်ပွဲမဖြစ်ခင်က ပွဲရုံတန်းတွေမှာ ခြင်းချုပ်၊ အသီးထမ်း၊ အသီးရေ လုပ်ကိုင်တဲ့ အလုပ်သမားတွေဟာ တစ်နေကုန် လက်မလည်ဘဲ လုပ်ခဲ့ရပေမယ့် အခုအချိန်မှာတော့ ပွဲရုံတန်းဟာ တိတ်ဆိတ်နေတဲ့အပြင် ပွဲရုံတစ်ရုံကို အလုပ်သမားတစ်ဦးတောင် မထားနိုင်တဲ့အခြေကို ရောက်နေတာပါ။
“အရင်ကဆို အသီးကလည်းများ။ ခြင်းချုပ်ရတာလည်း လက်မလည်။ ပိုက်ဆံလည်း တစ်ရက်ကို သုံးလေးသောင်းက အသာလေး။ အခုကတော့ ငါးထောင်တောင်ဝင်ဖို့ မနည်းလုပ်နေရတယ်။ တစ်နေကုန်ထိုင်နေရတယ်”လို့ အလုပ်သမား ကိုဇေယျာလင်းက ဆိုပါတယ်။
ဈေးကွက် အကြီးအကျယ်ပျက်ပြီး လိမ္မော်ခြံတွေ ပျောက်ဆုံး၊ ပျက်သုဉ်းရခြင်းရဲ့ နောက်ထပ်အကြောင်းအရင်းကတော့ ရာသီဥတုဆိုးရွားလာခြင်းနဲ့ လိမ္မော်ခြံနဲ့ တစ်ဝိုက်မှာ ရွှေတူးတာတွေ၊ လိမ္မော်ခြံမှာ တစ်သျှူးပျောစိုက်ပျိုးတာတွေကြောင့်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဂါးရာယန် ကျေးရွာတစ်လျှောက်က အပင်တွေလည်း သေကုန်တဲ့အပြင် တချို့နေရာတွေမှာလည်း တစ်သျှူး ငှက်ပျောပင်တွေက လိမ္မော်ခြံတွေမှာ နေရာအပိုင် ယူထားပါတယ်။ မန်ဒေါင်ကျေးရွာအုပ်စုထဲက လိုင်ငူယန်ကျေးရွာဖက်မှာလည်း လိမ္မော်ခြံနေရာတွေမှာ တစ်သျှူးငှက်ပျော စိုက်ပျိုးဖို့ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေက န့်ကွက်နေတယ်လို့လည်း သိရပါတယ်။
“မန်ဒေါင်မှာ အသီးအထွက်ဆုံးနဲ့ အကြီးဆုံးလိမ္မော်ခြံနှစ်ခြံ ရှိတယ်။ တစ်ရာသီကို ကားအစီး (၁၅)စီးကနေ(၂၀)စီးအထိ ထွက်တယ်။ အခုအဲဒီခြံမှာ အပင်တွေ မရှိတော့ဘူး။ ခုတ်လိုက်ကြပြီ။ ငှက်ပျောစိုက်ဖို့ ငှားတာတဲ့။ အခုတော့ ဒေသခံကန့်ကွက်လို့ မစိုက်ရသေးဘူး။ လိမ္မော်ပင်ကတော့ မရှိတော့ဘူး”လို့ ဝါရင့် ပွဲစားတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆန်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
မန်ဒေါင်ကျေးရွာအုပ်စု တစ်ဝိုက်မှာ လိမ္မော်ပင်တွေဟာ စစ်မဖြစ်ခင်က အခြေအနေနဲ့ အခုအခြေအနေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အပင်အားလုံးရဲ့ (၇၀)ရာခိုင်နှုန်းလောက်က သေကုန်ကြပါပြီ။
အပင် သေဆုံးရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတွေကို အဖြေရှာခိုင်းခဲ့ပေမယ့်လည်း အခုချိန်အထိတော့ တိကျတဲ့ အဖြေမရရှိသေးဘူးလို့ မန်ဒေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတိန့်ဘောမ်က ဆိုပါတယ်။
“အဓိက ဘာကြောင့် ဆိုတာ စိုက်ပျိုးရေးကို အဖြေရှာခိုင်းရင်လည်း မရဘူး။ အပင်သေတဲ့ ခြံဟောင်းလို့ ပြောတဲ့နေရာမှာတော့ ပြန်စိုက်ရင်လည်း မကောင်းဘူး။ ရွာရဲ့ တစ်မိုင်ကျော်လောက်မှာ အသစ်စိုက်တာတော့ ဖြစ်ထွန်းတယ်။ အရင်ကတည်းက သီးစားနေတဲ့ အပင်တွေကတော့ အားလုံး မန်ဒေါင် တစ်ခွင်လုံး သေသွားပြီ။ လိမ္မော်ခြံကို မှီခိုတဲ့သူတွေ အကုန်လုံး အဆင်မပြေတော့ဘူး”လို့ ဦးတိန့်ဘောမ်က မန်ဒေါင်ရဲ့ အခြေအနေကို ပြောဆိုခဲ့တာပါ။
အခုဆိုရင် စစ်မဖြစ်ခင်က ရာသီချိန် လုပ်ကိုင်စားသောက်လာတဲ့ ကချင်ပြည်နယ်အတွင်းက လိမ္မော်ခြံ (၈၀)ရာခိုင်နှုန်းလောက်ဟာ သေဆုံးခဲ့ကြရပါပြီ။ အပင်အသစ်တွေသာ ထပ်မစိုက်တော့ဘူးဆိုရင် လိမ္မော်ပင်တွေဟာ ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားကို ရောက်ရှိနေကြတယ်လို့ သီးနှံပွဲစားတွေက ဆိုကြပါတယ်။
“အသစ်စိုက်မယ်ဆိုရင်တောင် ရာသီဥတုဒဏ် မခံနိုင်ရင် နောက်ထပ် လေးငါးခြောက်နှစ် လောက်က ဒီအတိုင်း ဖြစ်နေဦးမှာပဲ။ ခက်ခက်ခဲခဲကို ဝယ်ရဦးမှာ”လို့ ဝါရင့်ပွဲစားကြီး ဦးအောင်နိုင်မြင့်က အနာဂါတ်ဈေးကွက်ကို တွက်ချက်ပြောဆိုပါတယ်။
စစ်မက် ဖြစ်ပွားခဲ့တဲ့အချိန်တစ်လျှောက်မှာ ကချင်ပြည်နယ်အတွင်းက လက်လုပ်လက်စား ဈေးသည်အများစုရဲ့ အားကိုးရာ လိမ္မော်သီးဈေးကွက်ဟာ နာလန်မထူနိုင်တဲ့အထိ ပျက်သုဉ်းခဲ့ရပါပြီ။ ဒီ လိမ္မော်သီးဈေးကွက် ပြန်လည်ဦးမော့လာနိုင်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့နဲ့ စစ်ရှောင်တွေ နေရပ် ပြန်နိုင်ရေးက အဓိကအချက်ပါပဲ။
“မသေခင်အချိန်လေးမှာတော့ ငြိမ်းချမ်းရေး မြန်မြန်ရပြီးတော့ ဒီလိုရာသီမှာ အရောင်းအဝယ် ကောင်းတဲ့ အရင်က ဈေးကွက်အခြေအနေကို ပြန်မြင်ချင်သေးတယ်”လို့ အဘိုး ဦးဒွမ်ဖော့အောင်က သူ့ရဲ့ ရင်ထဲက ဆန္ဒကို လေးလေးနက်နက် ပြောဆိုပါတယ်။