ဒုတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံကျော်က ပြည်ထောင်စုလွှတ်တော်နာယကထံ တောင်းဆိုတင်ပြထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဇန်နဝါရီ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကျန်ရှိနေသေးပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးမဆုံးရှုံးစေရန်အတွက်လည်းကောင်း၊ ကျင်းပခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးနိုင်ရန်အတွက်လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြသနာများအား လွှတ်တော်တွင် တင်ပြဆွေးနွေးနိုင်ရန်အတွက် ကျန်ရှိနေသေးသည့် လွှတ်တော်သက်တမ်း ခေါ်ယူကျင်းပပေးရန် တင်ပြထားခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချကတွင် ဖော်ပြထားသည်။
ဒုတိယအကြိမ် လွှတ်တော်ခေါ်ယူရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသား ကိုယ်စားလှယ်လေးဦး၊ အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၆၀ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦး (ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်လေးပုံတစ်ပုံကျော်) က တောင်းဆိုထားခြင်းဖြစ်သည်ဟုဆိုသည်။
တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ဇန်နဝါရီ ၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အတူ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေးပါတီအချိူ့က လက်ရှိချိန်၌ မဲရလဒ်များပတ်သက်ပြီး အငြင်းပွားကာလဖြစ်နေသေးသည့်အတွက် တတိယအကြိမ်လွှတ်တော်ကျင်းပရန် မသင့်သေးကြောင်း ထုတ်ပြန်ချက်များလည်း ထုတ်ပြန်ထားကြောင်း တွေ့ရသည်။
ထို့အပြင် မဲရလဒ်အား ကျေနပ်မူမရှိသည့် ကိုယ်စားလှယ်အချို့က ဖေဖော်ဝါရီ ၁ ရက် တတိယအကြိမ်ကျင်းပခဲ့ပါက လွှတ်တော်အစည်းအဝေး မတက်ဘဲ ကန့်ကွက်သွားမည်ဟု အတည်မပြုနိုင်သေးသည့် သတင်းများလည်း ထွက်ပေါ်လာသည်။
အခြေခံဥပဒေတွင် အစည်းအဝေးပထမနေ့တွင် တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်ပါက အစည်းအဝေးအထမြောက်ကြောင်း ပြဌာန်းထားသည်။
ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၉၆ ဦး အနိုင်ရရှိထားပြီး အတိုက်အခံပါတီကြံံ့ခိုင်ရေးပါတီက ၃၃ ဦးအနိုင်ရရှိထားသည်။