ပြည်သူလူထုအကျိုးပိုမိုဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရဖြစ်ချင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။
“ကျွန်တော်တို့အစိုးရဖြစ်ချင်တယ်။ ဒါ နိုင်ငံရေးပဲ။ နောက်တစ်ခုက လွှတ်တော်၊ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အစိုးရဖွဲ့ပြီးနောက် လွှတ်တော်နဲ့အစိုးရညီညွတ်မှုရှိနေရင် ၂၀၁၅ နဲ့ ၂၀၂၀ မှာ ကြုံတွေ့ခဲ့ရတဲ့ လွှတ်တော်နဲ့ အစိုးရရဲ့ မညီမျှမှုတွေ ကန့်လန့်တိုက်မှုတွေ မဖြစ်ရဘူးဗျာ၊ ညီညီညွတ်ညွတ်နဲ့ အကောင်အထည်ဖော်နိုင်မယ်လို့ ရာနှုန်းပြည့် နိုင်ငံရေး ယုံကြည်ချက်အပြည့်ရှိပါတယ်” ဟု ၎င်းကပြောသည်။
အကယ်၍ ရွေးကောက်ပွဲတွင် နေရာအများဆုံးအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် အတူလက်တွဲ၍လုပ်ဆောင်ရန် အခွင့်အလမ်းများပေးလာပါက ပြည်သူ့အကျိုးအတွက် အမြင့်ဆုံးရည်မှန်းချက်သည် ရခိုင်ပြည်နယ်အစိုးရဖွဲ့ရေးဖြစ်ပြီး ယင်းသို့ ဖွဲ့ခွင့်ပေးလာပါက ကိုယ့်ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအပြင် တစ်ပြည်လုံး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၊ဖွံ့ဖြိုးမှုများအတွက် ၎င်းတို့ပါတီတွင် လုပ်ကိုင်နိုင်သော ပုဂ္ဂိုလ်များစွာရှိသည်ဟု ဆိုသည်။
“အများပြည်သူရဲ့ အကျိုးအတွက် ကျွန်တော်တို့ ငါတကောကောလုပ်နေလို့မရတော့ဘူး။ တကယ်လို့များ ကျွန်တော်တို့မှာ အများဆုံးအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နိုင်ငံရေးအရေ ကျွန်တော်တို့ကို သဟဇာတကျအောင် သဘော တူညီချက်တွေနဲ့ ကျွန်တော်တို့နဲ့ တွဲပြီးတော့လုပ်မယ်လို့ အခြေအနေတွေ ပေးလာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အမြင့်ဆုံးရည်မှန်းထားတာ ကိုယ့်ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်အစိုးရဖွဲ့ ပြီးတော့မှ တစ်ပြည်လုံးရဲ့ ငြိမ်းချမ်းရေး၊ ကိုယ့်ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု၊ဖွံ့ဖြိုးမှုတွေအတွက် ကျွန်တော်တို့မှာ လုပ်နိုင်ကိုင်နိုင်တဲ့ ကျွန်တော်တို့ပါတီက ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဘေးကဝန်းရံ အကြံပေးမယ့်သူတွေလည်း အများကြီးရှိတာပဲ။ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် လုံးဝခိုင်ခိုင်မာမာ ယုံကြည်တယ်” ဟု မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။
ရခိုင်အမျိုးသားပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအလွန်လည်း ပြည်နယ်အစိုးရဖွဲ့ခွင့်ပေးရန် ၁/၂၀၁၆ ကြောညာချက်ထုတ်ပြန်၍ တောင်းဆိုခဲ့ဘူးပြီး အာဏာရလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းခွင့်မပြုခဲ့ကြောင်းနှင့် ထိုသို့ အစိုးရဖွဲ့ခွင့်မရသဖြင့် အတိုက်အခံအဖြစ်နေခဲ့သည်ဟု ဆိုသည်။
“၂၀၁၅ မှာကျတော့ ပြည်နယ်မှာအများဆုံးအနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုး ရဖွဲ့ချင်တယ်။ ဖွဲ့ခွင့်ပေးပါလို့ တရားဝင် ၁/၂၀၁၆ ကြေညာချက်နဲ့ တောင်းခဲ့တယ်။ ဒါပေမယ့် တကယ့်တကယ် လွှတ်တော်ထဲမှာ ၂၀၁၂ က ရခိုင်တိုင်းရင်းသားပါတီအနေနဲ့ လက်တွဲပြီးတော့မှ ဖွဲ့စည်းပုံ ပြောင်းလဲဖို့အတွက် လက်တွဲညီညီဆောင်ရွက်ခဲ့တဲ့ အဲဒီတုန်းက ကျွန်တော်တို့ကို ညီကိုမောင်နှမပါလို့ ခေါ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာတဲ့အခါ ကျွန်တော်တို့ကို ရခိုင်ပြည်နယ်ရဲ့ အကျိုးအတွက် အများဆုံးအနိုင်ရတဲ့ ကျွန်တော်တို့ပါတီကို ဖွဲ့စည်းခွင့်မပေးခဲ့ဘူး။ အဲဒါကြောင့် အစိုးရမဖွဲ့ရရင်တော့ ကျွန်တော်တို့ ကိုယ့်လူမျိုးရဲ့သိက္ခာ၊ ကိုယ့်ပါတီရဲ့ သိက္ခာအတွက် အတိုက်အခံပဲနေမယ်။ ကျွန်တော်တို့ အတိုက်အခံနေခဲ့တယ်” ဟု ဦးထွန်းအောင်ကျော်က ဆက်လက်ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲအလွန်ကလည်း အစိုးရဖွဲ့ခွင့်ရရှိခဲ့သည့် ပြည်ခိုင်ဖြိုးအနေဖြင့် ရခိုင်ပါတီကို လက်ကမ်းကြိုဆိုခဲ့ပြီး နေပြည်တော်တွင် ဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း လက်တွေ့တွင် လုပ်ဆောင်ရာတွင် လွဲမှာမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော်တွင် လေးနေရာ၊ အမျိုးသားလွှတ်တော်တွင် လေးနေရာနှင့် ပြည်နယ်လွှတ်တော်နေရာတွင် ခုနစ်နေရာ စုစုပေါင်း ၁၅ နေရာတွင် အနိုင်ရရှိထားသည်။
အဆိုပါ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ် ကိုးခုနှင့် စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု လေးအုပ်စု၊ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၉ အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက်သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၅ အုပ်စု၊ တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၅၂ အုပ်စုတို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ခြင်းမရှိသဖြင့် ပါတီများအနေဖြင့် နေရာအနည်းငယ်သာ ယှဉ်ပြိုင်ခဲ့ရပြီး ANP ပါတီက အများဆုံးအနိုင်ရရှိခဲ့သည်။
Published
Monday, January 11, 2021
ပြည်သူ့အကျိုးအတွက် ပြည်နယ်အစိုးရဖြစ်ချင်ကြောင်း ရခိုင်အမျိုးသားပါတီပြော