ကယားပြည်နယ်တစ်ခုလုံးတွင် ထပ်နေသည့်မဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့်စာရင်း ၂၀၀၀၀ ကျော်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်အနေဖြင့် တပ်မတော်သားများမဲပေးခဲ့သည့် မြို့နယ်များမဲရုံများမှ မဲဆန္ဒရှင်မဲစာရင်းများ ပြန်လည်စိစစ်မှုများကို လုပ်ဆောင်လျက်ရှိရာ ကယားပြည်နယ်၏ မြို့နယ်အားလုံးပါဝင်နေခြင်းဖြစ်သည်။
ကယားပြည်နယ်တွင် ဖရူဆို၊ မယ်စဲ့၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်း၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်ဟူ၍ မြို့နယ်ခုနစ်ခုရှိပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည့် စာရင်းတွေအရ ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သောမဲစာရင်း နှစ်ခုပေါင်း ဖရူဆိုမြို့နယ်တွင် ၁၀၈၁ ခု၊ မယ်စဲ့မြို့နယ်တွင် ၁၄၂ ခု၊ ရှားတောမြို့နယ်တွင် ၁၇၉ခု၊ ဘောလခဲမြို့နယ်တွင် ၁၀၆ ခု၊ ဖားဆောင်းမြို့နယ်တွင် ၁၇၇၈ ခု၊ လွိုင်ကော်မြို့နယ်တွင် ၁၄၂၆၁ ခုနှင့် ဒီးမော့ဆိုမြို့နယ်တွင် ၃၂၈၇ ခု စုစုပေါင်း ၂၀၈၃၄ ခုရှိကြောင်း သိရသည်.
အဆိုပါ စာရင်းတွင် အသက်၁၈နှစ်မပြည့်သေးသူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူနှင့် အသက် ၁၀၀နှစ် အထက်ရှိနေသူများပါဝင်နေပြီး မဲမသာမှုဖြစ်နိုင်သောစာရင်းတွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
တပ်မတော်အနေဖြင့် မဲစာရင်းစိစစ်တွေ့ရှိမှုများကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်မှစ၍ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိ ၁၃ ကြိမ်ရှိပြီဖြစ်သည်။
တပ်မတော်က စိစစ်နေသည့်မဲစာရင်းများသည် ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာ ၈ ရက်ကကျင်းပပြုလုပ်ခဲ့သည့် မဲစာရင်းများမဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းဆိုထားပြီး ရွေးကောက်ပွဲရလဒ်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အား ပျက်ဆီးစေရန်ရည်ရွယ်သည့် ထုတ်ပြန်ချက်များမထုတ်ပြန်ရန် အသိပေးထားသည်။
သို့သော်လည်း မဲစိစစ်တွေ့ရှိမှုများများကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တပ်မတော်၏ထုတ်ပြန်ချက်တိုင်းတွင် အစဉ်တစိုက် ထည့်သွင်းဖော်ပြလျက်ရှိသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ မဲဆန္ဒနယ် ၃၄ နေရာရှိသည့်အနက် NLD က ၂၀ နေရာတွင် အနိုင်ရရှိခဲ့ပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP က ရှစ်နေရာ၊ ပြည်ခိုင်ဖြိုးက ခြောက်နေရာအနိုင်ရရှိထားသည်။