ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်အပါအဝင် မတရားဖမ်းဆီးခံရထားသူများ ပြန်လွှတ်ပေးခြင်းမရှိပါက ရခိုင်ပြည်နယ်တစ်ခုလုံးပါဝင်သည့် လှုပ်ရှားမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်တက်ကြွလှုပ်ရှားသူများ ပြောသည်။
ယခုအခါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်အပါအဝင် ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခြင်းခံနေရသော ရခိုင်ပြည်သူများအား ခြွင်းချက်မရှိပြန်လွှတ်ပေးရန်ဒေသခံပြည်သူများက တောင်းဆို လျက်ရှိပြီး ပြန်လွှတ်ပေးခြင်းမရှိပါက ရခိုင်ပြည်နယ် တစ်ခုလုံးရှိ ပြည်သူလူထုပါဝင်သည့် လှုပ်ရှားမှုပြုလုပ် သွားမည်ဟု ဆိုသည်။
“ရခိုင်တစ်ပြည်နယ်လုံး ပြည်သူလူထု ပါဝင်လာသည့် လှုပ်ရှားမှုတစ်ခုကိုလည်း လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒေသခံ တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် ဒေါက်တာ အေးမောင်အပါအဝင် မတရားပုဒ်မတပ်ဖမ်းဆီးခံထားရသူဦးရေ ၃၀၀ အထိ ရှိနေကြောင်း တတ်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ဆိုသည်။
၎င်းတို့ ပြန်လွတ်မြောက်ရေးနှင့်ပတ်သက်၍ တောင်းဆိုမှု ကမ်ပိန်းတစ်ခုကို အမ်းမြို့နယ်တွင် ဇန်နဝါရီ ၆ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပြီး အဆိုပါ လှုပ်ရှားမှုကို အမ်းမြို့အပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်ရှိ လူစည်ကားရာ နေရာများ၌ တောင်းဆိုစာပါသည့် စတေကာများကပ်ခြင်းကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
“အဓိကတော့ ကျွန်တော်တို့ အမ်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် အပါအဝင် မတရားဖမ်းဆီခြင်းခံထားရသော ဒေသခံပြည်သူများ ပြန်လွတ်လာဖို့အတွက်ကို ကျွန်တော်တို့ အမ်းမြို့နယ်က စတင်လုပ်ဆောင်တာဖြစ်ပါတယ်။ အခုလို ဒေါက်တာအေးမောင်အပါအဝင် မတရား ဖမ်းဆီခံထားရသူတွေ ရှိနေခြင်းကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အဖက်ဖက်က နစ်နာမှုတွေရှိခဲ့တယ်။ ဒါကြောင့် ပြည်သူတွေက သူတို့ကို ပြန်လွှတ်ပေးစေချင်ကြတယ်” ဟု ကမ်ပိန်းတွင်ပါဝင်သော အမ်းဒေသခံ တက်ကြွခှုပ်ရှားသူတစ်ဦးက ပြောသည်။
အဆိုပါ လှုပ်ရှားမှုအား အဖွဲ့အစည်းတစ်ခုက လုပ်ခြင်းမဟုတ်ဘဲ အမ်းဒေသခံပြည်သူများမှ ပြုလုပ်ခြင်းဖြစ် ကြောင်း ရခိုင်တတ်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။
“လုပ်တာကတော့ ဦးဆောင်တဲ့ အဖွဲ့လို့တော့ မရှိဘူး။ ပုဒ်မအမျိုးမျိုးတပ်ပြီး မတရားဖမ်းဆီးခံထားရတဲ့ သူတွေ ကို လွှတ်ပေးဖို့ အမ်းဒေသခံတွေက တောင်းဆိုတာဖြစ်တယ်” ဟု ၎င်းကပြောသည်။
ဒေါက်တာအေးမောင်သည် ၂၀၁၇ ခုနှစ်၊ ဧပြီတွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရခြင်းဖြစ်ပြီး၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အထိမ်းအမှတ်ပွဲတွင် ဟောပြောချက်များကြောင့် ထိန်းသိမ်းခံ ခဲ့ရခြင်းဖြစ်ကာ ၂၀၁၉ ခုနှစ် မတ် ၁၉ တွင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရကြောင်းနှင့် ထိုသို့ ပြစ်ဒဏ်ချမှတ်ခံရသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
ထိုကမ်ပိန်းတွင် ထောင်သွင်းအကျဉ်းချခံနေရသော ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးပါရန်၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်း ခံနေရသော တက်ကြွလှုပ်ရှားသူများအား ခြွင်းချက်မရှိ လွှတ်ပေးပါရန်၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုဖြင့် မြန်မာပြည်အနှံ့ အမှုရင်ဆိုင်နေရသော ကျောင်း/သူများအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ရခိုင်ပြည် အနှံ့ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခြင်းခံနေရသော ရခိုင်ပြည်သူများအား ခြွင်းချက်မရှိ လွှတ်ပေးရန်ဟူ၍ အချက်လေးချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။