တတိယအကြိမ် လွှတ်တော်ခေါ်ယူရေးက ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း NDF ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားကိုယ်စားလှယ်များက တုန့်ပြန်ပြောကြားလိုက်သည်။
အစိုးရသစ်ဖွဲ့စည်းရေးနှင့် လွှတ်တော်အကြီးအကဲ ရွေးချယ်ရေးလုပ်ငန်းပါဝင်မည့့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၁ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ဇန်နဝါရီ ၆ ရက်၌ ကြေညာခဲ့သည့်အပေါ် ရွေးကောက်ပွဲရလဒ် အငြင်းပွားနေဆဲဖြစ်သည့်အတွက် ခေါ်ယူရန် မသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ပါတီက ထိုနေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။
“ဒီလွှတ်တော်ခေါ်တာက ဥပဒေအရ သူ့အချိန်ရောက်လို့ခေါ်တယ်။ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမယ်ဆိုပြီးတော့ ပါတီထောင်ကတည်းကအစ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အဆုံး ကျမ်းသစ္စာကျိန်ဆိုပြီး ဝင်ရတာဖြစ်တဲ့အတွက် ဒါဥပဒေအတိုင်း ဆောင်ရွက်တယ်လို့ဘဲမြင်တယ်” ဟု လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် အနိုင်ရရှိထားသည့် ဦးရွှေမင်းကပြောသည်။
NDF ပါတီ၏ ထုတ်ပြန်ချက်ထဲတွင် ၂၀၂၀ရွေးကောက်ပွဲနှင့်ပတ်သက်၍ အငြင်းပွားနေဆဲကာလဖြစ်သဖြင့် ထိုအငြင်းပွားနေသည့် ရွေးကောက်ပွဲမဲစာရင်းနှင့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ တတိတအကြိမ်လွှတ်တော်များခေါ်ယူရန်မသင့်သေးကြောင်း၊ မဲရ လဒ်များနှင့်ပတ်သက်၍ ပြည်သူများ၏ သံသယဖြစ်ပေါ်နေမှုများကို ပြည်သူသို့ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းပြီးမှသာ တတိ ယအကြိမ် လွှတ်တော်များကို ခေါ်ယူသင့်သည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ မဲစာရင်းနှင့် မဲရလဒ်များအငြင်းပွားနေမှုများကို ဖြေရှင်းပြီးမှ တတိယအကြိမ်လွှတ်တော်ခေါ်ယူခြင်းသည် မြန့်မာ့နိုင် ငံရေးဂုဏ်သိက္ခာနှင့် လွှတ်တော်နိုင်ငံရေး၏ ဥပဓိရုပ်ဂုဏ်ကို မြှင့်တင်ရာရောက်မည်ဟု NDF အနေဖြင့် ယုံကြည်ပါကြောင်း ထို ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ချီဖွေ၊ဆော့လော်၊အင်ဂျန်းယန်မြို့နယ်များ၏ အမျိုးသားလွှတ်တော်တွင် အနိုင်ရရှိခဲ့သည့် ဒီမိုက ရေစီပါတီသစ်(ကချင်)မှ ဦးခေါတိန့်က လက်ရှိအာဏာရအစိုးရအနေဖြင့် လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူက ရွေးချယ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မည်သည့်အစိုးရတက်တက် အကောင်းဘက်ကသာ ပူးပေါင်းဆောင်ရွက်ရမည်ဟု ဆိုသည်။
"လက်ရှိအာဏာရအစိုးရက သူ့ဟာသူ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သွားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ပါဝင်ပြီး ဆောင်ရွက်ပေးသွားမှာသာဖြစ်တယ်။ ကိုယ့်ကိုရွေးချယ်လိုက်တဲ့ပြည်သူအတွက် ဘယ်အစိုးရဘဲတက်တက်အကောင်းဘက်ကနေ ပါဝင်ဆောင်ရွက်ပေးရုံဘဲရှိပါတယ်” ဟု ဦးခေါတိန့်ကပြောသည်။
၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၃၉၆ ဦး အနိုင်ရရှိထားပြီး အတိုက်အခံပါတီဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၃၃ ဦး အနိုင်ရရှိထားသည်။
လာမည့် ဖေဖော်ဝါ်ရီ ၁ ရက်ကျင်းမည့် လွှတ်တော်အစည်းအဝေးကို နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမဲရလဒ်အားကျေနပ်ခြင်းမရှိသည့် ကိုယ်စားလှယ်အချို့ တက်ရောက်ခြင်းမပြုရန် ကောလဟာလသတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒအရ အစည်းအဝေးပထမနေ့တွင် တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း၏ ထက်ဝက်ကျော်ခန့် တက်ရောက်ပါက အစည်းအဝေး အထမြောက်ကြောင်း ပြဌာန်းထားသည်။
NDF ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံလုံးအနှံ့ ယှဉ်ပြိုင်ခဲ့သော ပါတီများတွင်ပါဝင်ပြီး ၁၆၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်ထောင်စုလွှတ်တော်နှင့် ဒေသဆိုင်ရာ ဥပဒေပြုရေး လွှတ်တော်တို့တွင် ၁၆ နေရာ အနိုင်ရရှိခဲ့သော်လည်း ၂၀၁၂ နောက်ပိုင်း NLD ပါတီပါဝင်လာပြီးနောက် NDF ပါတီသည် ရွေးကောက်ပွဲများတွင် အနိုင်ရရေး ရုံးကန်ခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။