၂၀၁၅ မဲဆန္ဒရှင်စာရင်းများနှင့် စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးမှု ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ဇန်နဝါရီ ၈ ရက် နံနက် ၁ဝ နာရီက ပြုလုပ်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်သူက ပြောသည်။
မဲစာရင်းအဟောင်းများအား သိမ်းဆည်းကာလ ငါးနှစ်တာကျော်လွန်လာသည်နှင့်အမျှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အဆင့်ဆင့်ညွှန်ကြားချက်အရ ဖျက်ဆီးရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
"ကျွန်တော်တို့ ဒီမဲစာရင်းကိုဖျက်ဆီးဖို့ အစည်းအဝေးလုပ်ပြီး ဘုတ်အဖွဲ့အရင်ဖွဲ့ရပါတယ်။ အဲဘုတ်အဖွဲ့ဝင်တွေအားလုံးရှေ့မှာ ဒီမဲစာရင်းအဟောင်းထုတ်တွေကို မီးရိူ့ဖျက်ဆီးတာပါ။ ဒါက ညွှန်ကြားချက်အတိုင်း လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ဖားကန့်မြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်သူက ပြောသည်။
ယင်းသို့ မီးရှို့ဖျက်ဆီးခဲ့သည့် မဲစာရင်းများသည် ၂၀၁၅ ရွေးကောက်ပွဲက ဖားကန့်မြို့နယတွင်ဖွင့်ခှစ်ခဲ့သည့် မဲရုံပေါင်း ၇၄ ရုံမှ အထုပ်ပေါင်း ၇၄ ထုတ်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဖားကန့်မြို့နယ်သည် မိုးညှင်းခရိုင်တွင်ပါဝင်ပြီး မီးရှို့ဖျက်ဆီးပြီးပါက ခရိုင်ရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပြည်နယ်သို့ စာရင်းတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
"မဲလက်မှတ်ဟောင်းတွေကို မိမိဆန္ဒသဘောအလျောက် ဖျက်ဆီးရတာမျိုးမဟုတ်ပါဘူး။ ပြည်ထောင်စုကနေ အဆင့်ဆင့် ညွှန်ကြားချက်ရောက်မှသာ ဖျက်ဆီးခွင့်ရှိပါတယ်။ ပြည်နယ်ကိုတော့ တင်ရမယ့် နောက်ဆုံးရက်သတ်မှတ်ထားတာကတော့ ဇန်နဝါရီလ ၁၁ ရက်ပါ ဇန်နဝါရီ ၁၁ ရက် မတိုင်ခင် မြို့နယ်တိုင်းက မဲစာရင်းအဟောင်းမီးရိူ့ပြီးစီးကြောင်း စာရင်းတင်ရပါမယ်” ဟု မိုးညှင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးမျိုးမင်းဦးကပြောသည်။
မဲစာရင်းအဟောင်းများအား မီးရှို့ဖျက်ဆီးရာတွင် စည်းမျဉ်းစည်းကမ်းနဲ့အညီ ဘုတ်အဖွဲ့ ဖွဲ့ရမည်ဖြစ်ပြီး မဲစာရင်းစာရွက်မှအပ ပြန်လည်အသုံးပြုနိုင်မည့် မှင်ခွက်၊ ချိတ်အစရှိသည့်ပစ္စည်းများအား မီးရှို့ခြင်းမပြုဘဲ စာရင်းသေချာစွာပြုစုရမည်ဖြစ်ကြောင်းနှင့် ထိုစာရင်းကို မီးရှို့ပြီးစီးကြောင်း အစီရင်ခံစာနှင့် မှတ်တမ်းဓါတ်ပုံများပါတွဲ၍တင်ရန် ညွှန်ကြားထားကြောင်း မိုးညှင်း ခရိုင်ရွေးကောက်ပွဲအရာရှိကပြောသည်။
ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရှိသော မဲဆန္ဒရှင်စုစုပေါင်း ရှစ်သိန်းကျော်ရှိခဲ့သည်။