၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိသည့် ရခိုင်နှင့်ရှမ်းရှိမြို့နယ်များတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပပေးရန် တပ်မတော်တိုက်တွန်း

၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိသည့် ရခိုင်နှင့်ရှမ်းရှိမြို့နယ်များတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပပေးရန် တပ်မတော်တိုက်တွန်း
by -
မင်းထွန်း (DMG)

ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသည့် ရခိုင်ပြည်နယ်မှ မြို့နယ်ကိုးမြို့နယ်နှင့် ရှမ်းပြည်နယ်မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲများ စောလျင်စွာကျင်းပပေးရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၇ ရက်၌  ထုတ်ပြန်တိုက်တွန်းလိုက်သည်။

ပါတီစုံဒီမိုကရေစီစနစ်တွင် လွတ်လပ်၍တရားမျှတသည့် အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်း၊မိမိဒေသနှင့် ဒေသခံလူထုကို ကိုယ်စားပြုသည့်ကိုယ်စားလှယ်ရွေးကောက်ပွဲမှ တစ်ဆင့် ရွေးချယ်နိုင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ဒီမိုကရေစီအခွင့်အရေးဖြစ်ကြောင်းအဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံသူ၊နိုင်ငံသားများ၏ ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးစေရေးနှင့် ဒေသကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးများကိုဖော်ဆောင်နိုင်စေရေး အတွက် ရွေးကောက်ပွဲကျင်းပပေးရန် တိုက်တွန်းထားသည်။

ရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင်သာ အဓိကတာဝန်ရှိကြောင်း ရခိုင်အမျိုးသားပါတီ(ANP) မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ဆိုသည်။

“အစိုးရနဲ့ ကော်မရှင်က အခုချိန်ထိ တစ်ခုမှမထုတ်ပြန်ဘူး။ အစိုးရကလည်း ကော်မရှင်ကို ဘောလီဘော ပုတ်တယ်။ကော်မရှင်ကလည်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေကို  ချန်ထားခဲ့တာဖြစ်တယ်လို့ပြော တယ်ဆိုတော့ တပ်မတော်ရဲ့ သဘောထားက ရှင်းနေတယ်။လုပ်ဖို့တိုက်တွန်းတယ်။ အစိုးရ သဘောထားကို ကော်မရှင်က ယူဖို့လိုတယ်။ သမ္မတဦးဝင်းမြင့်ကလည်း ရခိုင်ပြည်နယ်နေ့မှာ သက်ဆိုင်ရာ အဖွဲ့တွေကို တိုက်တွန်းတယ်လို့ကြားတယ်။အစိုးရကလည်း သက်ဆိုင်ရာအဖွဲ့စည်းကို တိုက်တွန်း တယ်လို့ပြောတဲ့ သက်ဆိုင် ရာက ကော်မရှင်ပဲဖြစ်မယ်။ကော်မရှင်မှာအဓိက တာဝန်ရှိတယ်။ ကော်မရှင်က အစိုးရရဲ့ သဘောထားကို ရယူပြီးကျင်းပမယ်ဆိုရင်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

သို့သော် အာဏာရပါတီမှ ပြောရေးဆိုခွင့်ရှိသူက ရွေးကောက်ပွဲအား စစ်မဖြစ်ရုံဖြင့် ကျင်းပ၍မရနိုင်ကြောင်း ပြောဆိုချက်များလည်းရှိနေသဖြင့် အစိုးရဘက်က ရွေးကောက်ပွဲကျင်းပရန် မလိုလားကြောင်းကို ယေဘုယျခန့်မှန်း၍ရကြောင်း ဦးဖေသန်းက ဆိုသည်။

ရွေးကောက်ပွဲကျင်းပခွင့်မရရှိခဲ့သည့် ရခိုင်က မြို့နယ်တချို့အတွက် အထူးပင် စိတ်မကောင်းဖြစ်ရကြောင်းနှင့် အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် လူပုဂ္ဂိုလ်၊အသင်းအဖွဲ့ အစည်းများအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် ဒီဇင်ဘာလ (၁၅) ရက်တွင် ကျရောက်သည့် (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင်ပေးပို့သည့် သဝဏ်လွှာ၌ နိုင်ငံတော်သမ္မတက မေတ္တာရပ်ခံထားသည်။

ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့သည့် ဒေသများတွင် ရွေးကောက်ပွဲများပြန်လည်ကျင်းပနိုင်စေရေး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ဘက်ကလည်း ရခိုင်မှ ရွေးကောက်ပွဲမကျင်းပခဲ့ရသည့်မြို့နယ်များတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တိုက်တွန်းထားသည်။

၂၀၂၀ရွေးကောက်ပွဲအား ရခိုင်ပြည်နယ်၌ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး မြို့နယ်ကိုးခုတွင် မြို့လုံးကျွတ် ကျင်းပနိုင်ခဲ့ခြင်းမရှိသကဲ့သို့ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ် (၄) ခုတွင်လည်း တစ်စိတ်တစ်ပိုင်းသာကျင်းပနိုင်ခဲ့သည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပမည့် အခြေအနေနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...