ရွေးကောက်ပွဲလွန်ကာလ မူးယစ်ဆေးဝါးအန္တရယ်ကာကွယ်တားဆီးရေးအတွက် အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိဟု မွန်ပြည်သစ်ပါတီ အပြစ်တင်

ရွေးကောက်ပွဲလွန်ကာလ မူးယစ်ဆေးဝါးအန္တရယ်ကာကွယ်တားဆီးရေးအတွက် အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိဟု မွန်ပြည်သစ်ပါတီ အပြစ်တင်
by -
စိုင်းထွန်းစံ (MNA)

ရွေးကောက်ပွဲလွန်ကာလ မူးယစ်ဆေးဝါးအန္တရယ်ကာကွယ်တားဆီးရေးအတွက် အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီက ပြစ်တင်ပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သော မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်နှင့် သထုံခရိုင်ရှိ မူးယစ်ဆေးဖြတ်စခန်းများတွင် ဆေးဝါးမလုံလောက်ခြင်း၊ ဆေးစွဲသူများပြန်လည်ကုသရေးနှင့် ပြစ်မှုကျူးလွန်သူတရားခံများအား ထိန်းသိမ်းရေးတို့အတွက် လုံခြုံသောနေရာနှင့် စားနပ်ရိက္ခာအတွက် ဝန်ထုပ်ဝန်ပိုးများဖြစ်လာခြင်း စသည့်အခြေအနေများနှင့်ကြုံတွေ့နေရပြီး အစိုးရ၏အကူအညီမရရှိသည့်အပေါ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီ သထုံခရိုင်ဥက္ကဋ္ဌ နိုင်ဧက က “ကျွန်တော်တို့ကတော့ ရှိသလောက်ဆေးဝါးတွေနဲ့ တတ်နိုင်သလောက်နဲ့ပဲ ကုသပေးနေတာပေါ့နော်။ အခုဆိုရင် ဆေးဝါးလည်း လုံလုံလောက်လောက်မရှိတော့ဘူး၊ မူးယစ်ဆေးဖြတ်တဲ့သူတွေကိုလည်း ကျနော်တို့မှာရှိတဲ့ဆေးဝါးတွေလောက်နဲ့ ကုသပေးနိုင်ပါတယ်။ ပြီးတော့ ဆရာဝန်လည်းမရှိပါဘူး။ ဆေးမှူးလောက်ပဲရှိတယ်” ဟု ပြောသည်။

မူးယစ်ဆေးဖြတ်သည့်သူများနှင့် မူးယစ်ဆေးဝါးပြစ်ဒဏ်ကျခံနေသူအရေအတွက် လစဉ်ပျမ်းမျှ အယောက် ၆၀ ကျော်ရပြီး ယခုအခါ မူးယစ်ဆေးဖြတ်မည့်လူငယ်များအား မိဘများ လာရောက်အပ်နှံနေမှုကိုလည်း ဆေးဝါး၊ အဆောက်အဦးနှင့် စားနပ်ရိက္ခာမလုံလောက်မှုကြောင့် ကန့်သတ်လိုက်ရကြောင်း ၎င်းကဆိုသည်။

သထုံခရိုင်ဆေးမှူး နိုင်အိုင်းမွန်က “ဆေးဖြတ်တာက စိတ်ငြိမ်အောင်လုပ်ရတာဆိုတော့ ပြဿနာက စိတ်ငြိမ်ဆေးကို ကျနော်တို့ ဝယ်ခွင့်မရှိဘူး၊ အပြင်ဆေးခန်းသွားပြထားတဲ့ ဆရာဝန်ပေးလာတဲ့ဆေးကိုပဲ ပေးသောက်နေရတယ်။ အဲ့ဆေးတွေက ဆရာဝန်လက်မှတ်ပါမှ ဝယ်လို့ရတယ်၊ ဒီလိုစိတ်ငြိမ်ဆေးတွေက သေချာစမ်းသပ်ပြီးတော့မှ လူနာကိုကုသလို့ရတာလေ” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်း- မင်းရွာအနီးအခြေစိုက်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် အောက်တိုဘာလက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့ဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...