ပြန်လည်ဖွဲ့စည်းမည့်အစိုးရသစ်တွင် မည်သည့်နေရာမဆို တာဝန်ပေးလျှင် လုပ်ဆောင်သွားမည်ဟု KSPP ဥက္ကဋ္ဌဆို

ပြန်လည်ဖွဲ့စည်းမည့်အစိုးရသစ်တွင် မည်သည့်နေရာမဆို တာဝန်ပေးလျှင် လုပ်ဆောင်သွားမည်ဟု KSPP ဥက္ကဋ္ဌဆို

NLD က ပြန်လည်ဖွဲ့စည်းရန်ရှိနေသည့် အစိုးရသစ်အဖွဲ့တွင် မည်သည့်နေရာမဆို တာဝန်ပေးအပ်လာပါက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။

ဒေါက်တာမနမ်တူးဂျာက “ပါတီထောင်တယ်ဆိုတာလည်း ပြည်သူလူထုအကျိုးကို သယ်ပိုးဖို့ဖြစ်တာကိုး သတ္တိရှိရှိနဲ့ ပြတ်ပြတ်သားသားနဲ့ ဒါကျွန်တော်တို့က တက်တက်ကြွကြွနဲ့ လုပ်ဆောင်သွားမှာပဲ။ ဘာတာဝန်ပဲပေးပေး ကျွန်တော်လုပ်ဆောင်သွားမယ်” ဟုပြောသည်။

ထို့ပြင် ပြည်သူ့အကျိုးသယ်ပိုးရန် စိတ်ဆုံးဖြတ်ထားသည့်အတွက် ပေးလာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ကတိပြုပြောကြားခဲ့သည်။

ဒေါက်တာမနမ်တူးဂျာက “ကျွန်တော်တို့က စိတ်ပိုင်းဖြတ်ထားတာပဲ။ ပြည်သူလူထုအကျိုးကို ဘယ်ထောင့် ဘယ်နေရာကပဲဖြစ်ဖြစ် ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင်မယ်။ ကျွန်တော်တို့ပေးတဲ့ တာဝန်ကျေပွန်အောင်တော့ ကြိုးစားမှာပဲ” ဟုပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီသုံးခုမှ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များသည် NLD ပါတီမှ ကိုယ်စားလှယ်များနှင့် ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲသို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် KSPP ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာနှင့်အတူ ဦးဆမ်အောင်၊ ဦးလမာနော်အောင်တို့ တက်ရောက်ခဲ့ကြပြီး NLD မှ ၎င်းတို့ ကြွေးကြော်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းမည်ဆိုပါက အာဏာကြီးသုံးရပ်တွင် တိုင်းရင်းသားပါတီများကိုလည်း နေရာပေးရန်တင်ပြခဲ့ကြောင်း ဆွေးနွေးပွဲတွင်ပါဝင်သူ ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။

ဒေါက်တာ မနမ်တူးဂျာက “ဒီအစိုးရကောင်းတွေ ဖွဲ့ စည်းနိုင် ရေးကို တိုင်းရင်းသား ညီညွတ်ရေးအစိုးရ ဆိုတဲ့ ပေါ်လစီအောက်မှာပေါ့လေ လုပ်ဆောင်သွား လို့ရှိရင်တော့ အများကြီး အကျိုးရှိနိုင်တယ်ပေါ့။ အဲဒါတင်ပြတာ။ နောက်ပြီးတော အာဏာ သုံးရပ်ဖြစ်တဲ့ ဥပဒေပြု အာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်ရေး အာဏာ ဆိုတာ ရှိတယ်။ ဖက်ဒရယ်မူမှာလည်း ရှိတယ်။ အဲဒီမှာ အဓိကကတော့ ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်မှု အာ ဏာက လက်တွေ့မှာ အင်မတန် အရေး ကြီးပါတယ်လို့။ ဒီ နှစ်ခုက ဘာလဲ ဆိုလို့ရှိရင်တော့ အာဏာ ချိန်ခွင့် လျှာ ညှိတာ Check and Balance လုပ် နိုင်တယ်။ ဒီဟာနှစ်ခုဟာ ဒါကြောင့် ဒီဟာကို တာဝန်ယူ သွားတဲ့ အပိုင်းမှာကျတော့ သီးခြားပါတီ၊ ပါတီခွဲ အဖြစ်တာဝန်ယူသွားတာ ကောင်းတယ်။ ပါတီတစ်ခုတည်း တာဝန်ယူသွားတာမျိုးမဟုတ်ပဲနဲ့ ဝန်ကြီးချုပ် လွှတ်တော်ဥက္ကဋ္ဌတွေဟာ ပါတီခွဲပြီးမှ တာဝန်ယူတာ ကောင်းတာဆိုတဲ့အမြင်ကိုတင်ပြတာပါ” ဟုပြောသည်။

ထို့ပြင် ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်ဖော်ပေးရန်လည်း တင်ပြခဲ့ပြီး ပင်လုံစာချုပ်ထဲမှပါဝင်သည့် အချက်ကိုးချက်အနက် အချက် ၅ တွင် ပါဝင်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အ၀ရရှိရေးနှင့် အချက် ၇ တွင် ပါဝင်သည့် ဒီမိုကရေစီအခွင့်အရေး၊ တန်းတူအခွင့်အရေးရရှိရေးတို့ကို အဓိကထားရှင်းပြခဲ့သည်ဟုဆိုသည်။

ဇန်နဝါရီ ၁ ရက်ကပြုလုပ်ခဲ့သည့် NLD နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများမှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များဆွေးနွေပွဲသို့ KSPP ကိုယ်စားလှယ်များအပါအဝင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP နှင့် ဒီမိုကရေစီပါတီသစ် (ကချင်) NDP- K မှ ကိုယ်စားလှယ်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

သို့သော် ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ ပါတီကိုကိုယ်စားမပြုကြောင်း KSPP ပါတီ ဒု-ဥက္ကဋ္ဌ- ၂ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောကြားထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...