ရွေးကောက်ပွဲမတိုင်မီကာလက စိုက်ထူခဲ့သော စောဘဦးကြီးအထိမ်းအမှတ်ကြေးရုပ်ထု ဖြုတ်ချခံရမှု ကရင်ပြည်သူနှင့် ကရင်လူငယ်များတို့၏ အမျိုးသားရေးစိတ်ကို နှိုးဆွရာရောက်ကြောင်း ကရင်အမျိုးသားပါတီ (KNP) အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက သတိပေးပြောကြားခဲ့သည်။
“ကရင်မိဘပြည်သူ လူငယ်တွေအနေနဲ့ကလည်း ဒါက ကျွန်တော်တို့အမျိုးသားရေးနဲ့ပတ်သက်လို့ စိတ်ဆွပေးသလိုဖြစ်တဲ့ ကိစ္စမျိုးတွေဖြစ်တဲ့အခါကျတော့ သတိထားကြဖို့လိုတာပေါ့။ ဒါတွေက ဆွပေးသလိုဖြစ်လာတော့ ကိုယ့်ဘက်ကလည်း သတိထားပြီးဆင်ခြင်ဖို့တော့ လိုကြမယ်လို့ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ကျေးရွာတွင်စိုက်ထူထားသည့် ကရင်အမျိုးသားခေါင်း ဆောင်စောဘဦးကြီးအထိမ်းအမှတ်ကြေးရုပ်ထုကို အာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ဇန်နဝါရီ ၃ ရက် ညနေခန့်က ဖြုတ်ချခဲ့ရကြောင်း သိရသည်။
တိုင်းရင်းသားရင်ကြားစေ့ရေးကို ဖော်ဆောင်ရာတွင် အစိုးရအနေဖြင့် လူမျိုးတစ်မျိုးကို ထိခိုက်စေသည့် အပြုအမူများ ရှောင်ရှားရန်လိုအပ်ကြောင်း ကရင်အမျိုးသားပါတီ(KNP)အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်း က ဆက်လက်ပြောသည်။
“အခုလိုဖိအားပေးပြီး လုပ်ခိုင်းတယ်ဆိုတဲ့ပုံစံကမဖြစ်သင့်ဘူးလေ။ မဖြစ်သင့်ဘူးဆိုတာက တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးလည်း လိုချင် တယ်။ တိုင်းရင်းသားရင်ကြားစေ့ရေးဖော်ဆောင်တဲ့နေရာမှာ ဒါတွေကိုတော့ ရှောင် ကျဉ်းသင့်တာပေါ့ဗျာ။ ဒါကိုထိန်းထိန်း သိမ်းသိမ်းလုပ်မယ်ဆိုလို့ရှိရင် ဒီလောက်ကြီးလည်း ဖြစ်လာစရာမရှိဘူး။ နောက်တစ်ချက်က ဒီရုပ်ထုက လုပ်ထားပြီးပြီ ဆိုရင်လည်း ဒါကိုတခြားနည်းလမ်းနဲ့ပေါ့၊ ပြောလို့ဆိုလို့လည်းရ တဲ့ကိစ္စကို အတင်းဖိအားပေးလုပ်ခိုင်းတဲ့ကိစ္စက အားလုံးရဲ့ စိတ်ထဲမှာ လူမျိုးတစ်မျိုးကို သွားပြီးထိခိုက်တဲ့ သ ဘောဖြစ်နေတာပေါ့။ အဲဒါလေးကိုတော့ ရှောင်ကျဉ် သင့်တယ်လို့မြင်တယ်”ဟု ၎င်းကပြောသည်။
ကရင်အမျိုးသားခေါင်းဆောင် စောဘဦး၏ အထိမ်းအမှတ်အဖြစ် ၎င်း၏မွေးရပ်ဇာတိဖြစ်သည့် ဘဲဂရက်ကျေး ရွာတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲမတိုင်မီကာလဖြစ်သော သြဂုတ်လတွင် စိုက်ထူခဲ့ခြင်းဖြစ်ပြီး စိုက်ထူပြီး လေးလအကြာတွင် အာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ယခုလိုဖြုတ်ချလိုက်ရခြင်းဖြစ်ကြောင်း ဒေသ ခံများထံမှသိရသည်။
“အစိုးရအဖွဲ့အနေနဲ့ကလည်း ဘာပဲဖြစ်ဖြစ်လေ ဒီကိစ္စကိုသတိထားကိုင်တွယ်သင့်တာပေါ့။ သေချာမေးမြန်း သဘောထားတွေယူပြီးတော့မှပဲ လုပ်တာပိုကောင်းတာပေါ့။ ဖိအားပေးပြီးလုပ်တာကတော့မလုပ်သင့်ဘူးလေ။ ဥပဒေကြောင်းအရ တကယ်လို့ မသင့်တော်သေးဘူးဆိုရင်လည်း မသင့်တော်သေးဘူးစတဲ့ ဥပဒေကြောင်း အရဘယ်လိုလုပ်သင့်တယ် စသဖြင့် ဒါလေးတော့ လုပ်ဖို့ကောင်းတာပေါ့” ဟု KNP အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်း သုံးသပ်ပြောကြားသည်။
စောဘဦးကြီး၏ ကိုယ်တစ်ပိုင်ပုံတူကြေးရုပ်ထုကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တွဲဘက်အထွေ ထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၏ စီစဉ်မှုဖြင့် ပြီးခဲ့သည့်သြဂုတ်လက စိုက်ထူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကရင်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီးကို ၁၉၀၅ ခုနှစ် ပုသိမ်ခရိုင် ဘဲဂရက် ကျေးရွာတွင် မွေးဖွားခဲ့ပြီး၊ အင်္ဂလန်နိုင်ငံသို့ သွားရောက်ကာ ဥပဒေပညာကို သင်ယူခဲ့သူဖြစ်ပြီး ၁၉၄၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ခဲ့သည့် ကရင်တော်လှန်ရေး၌ အဓိက ခေါင်းဆောင်ဖြစ်လာပြီး နာမည်ကျော် အင်းစိန် တိုက်ပွဲကို ဆင်နွဲခဲ့သည်။
အင်းစိန်တိုက်ပွဲအတွင်း KNDO ဥက္ကဋ္ဌ စောဘဦးကြီးနှင့် ဝန်ကြီးချုပ်ဦးနုတို့ ဆွေးနွေးပွဲပျက်ပြားပြီး အစိုးရတပ်များ အင်းစိန်ကို သိမ်းပိုက်ခဲ့သည်၊ ထို့နောက် ၁၉၅၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက် နေ့တွင် ကော့ကရိတ်နယ်ရှိ ထော့ကိုကိုး ကျေးရွာတွင် အစိုးရတပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲ၌ ကရင်ခေါင်းဆောင်ကြီး စောဘဦး ကျဆုံးခဲ့သည်။
ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ဥက္ကဋ္ဌ စောဘဦးကြီးချမှတ်ခဲ့သည့် လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်၊ ကရင်ကံကြမ္မာ ကရင်ဖန်တီးမည်နှင့် ကရင်ပြည်ကိုအသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်ဆိုသည် မူလေးချကသည် ထင်ရှားပြီး ထိုမူဖြင့် ယနေ့တိုင် ကရင့်တော်လှန်ရေး ဆက်လက်ရှင်သန်နေခြင်းဖြစ်ကြောင်းနှင့် ကရင်တိုင်းရင်းသားများအနေဖြင့် စောဘဦးကြီးကို အမျိုးသားခေါင်းဆောင်ကြီး၊ တော်လှန်ရေး၏ဖခင်၊ ကရင်အာဇာနည်အဖြစ် ယနေ့တိုင် အသိအမှတ်ပြုထားသည်။