မွန်ညီညွတ်ရေးပါတီနှင့် NLD တို့ ဇန်နဝါရီ ၄ ရက် မွန်ပြည်နယ်တွင် နှစ်ဖက်တွေ့ဆုံးဆွေးနွေးရန် စီစဉ်ထားသော်လည်း တွေ့ဆုံမည့်နေရာနှင့်ပတ်သက်၍ သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။
မော်လမြိုင်မြို့ရှိ NLD ပါတီ မွန်ပြည်နယ်ရုံးတွင် ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီ၌ မွန်ညီညွတ်ရေးပါတီနှင့်တွေ့ဆုံရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ အကြောင်းထားသည်ဟု ဆိုသည်။
“ကျွန်တော်တို့ MUP ရုံးမှာ ဒါမှမဟုတ်ရင် ကြားနေရာတစ်ခုခုမှာ တွေ့ဆုံကြဖို့ ပြောထားပါတယ်။ NLD ပြည်နယ်ရုံးမှာ ကျွန်တော်တို့သွားတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘယ်မှာတွေ့မှာကို အခုမနက်အထိ သူတို့ အကြောင်းမပြန်သေးပါဘူး” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ၁ နိုင်လယိတမက ပြောသည်။
NLD သည် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့်သာ တွေ့ဆုံခြင်းဖြစ်ပြီး ဇန်နဝါရီ ၁ ရက်က ကချင်အခြေစိုက်ပါတီများနှင့် တွေ့ဆုံရာတွင်လည်း ယင်းပါတီများမှ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့်သာ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NLD ပါတီကိုယ်စားလှယ်များနှင့် မွန်ညီညွတ်ရေးပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့်သာ တွေ့ဆုံမည်ဆိုပါက လက်မခံကြောင်းနှင့် ပါတီအချင်းချင်းသာ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကျွန်တော်တို့အနေနဲ့ ပါတီအချင်းချင်းပဲ တွေ့ဆုံပါမယ်။ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေအနနဲ့ တွေ့ဆုံဖို့ဆိုတာကို ကျွန်တော်တို့လက်မခံပါဘူး၊ ပါတီနဲ့ပါတီတွေ့ဖို့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်တွေနဲ့တွေ့ဖို့ သူတို့လက်ခံပါတယ်” ဟုဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံမည့်အခြေအနေနှင့်ပတ်သက်၍ NLD ပါတီအားမေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း မရှိခဲ့ပေ။
တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးရန် NLDဗဟိုအလုပ်မှုဆောင်အဖွဲ့က ဒီဇင်ဘာ ၁၂ ရက်တွင် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ဖြင့် သုံးဦးကော်မတီကိုဖွဲ့စည်း၍ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ သဘောထားကို အရင်နားထောင်မည်ဖြစ်ပြီး ညှိနှိုင်း၍ရသည့်နေရာများတွင် ညှိနှိုင်းပြီး ဘုံသဘောထားရရှိအောင်လုပ်၍ NLD ပါတီ ဗဟိုအလုပ်မှုဆောင်အစည်းအဝေးတွင် အတည်ပြုပေးမည်ဖြစ်ကြောင်း၊ NLD အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ရွေးချယ်ရာတွင် အဖွဲ့ချုပ်၏မူဝါဒများကို လိုက်နာနိုင်သူ၊ ပြည်သူကလက်ခံနိုင်သူ ကိုယ်တိုင်အရည်အသွေးထက်မြက်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။