ရွေးကောက်ခံရသော ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီးတွေ မိမိတိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်မလား

ရွေးကောက်ခံရသော ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီးတွေ မိမိတိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်မလား

မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းရင်းသားရေးရာ၀န်ကြီးနေရာ ၂၉ ခု၌ ရှမ်းတိုင်းရင်းသားများကို ကိုယ်စားပြုမည့် ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီးနေရာ သုံးခုရှိသည်။

ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီးတို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၏ ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီးနေရာများတွင် စစ်ကိုင်းတိုင်းဒေသကြီး၏ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက အနိုင်ရရှိခဲ့ပြီး ကျန်နေရာများကို  NLD က အနိုင်ရရှိခဲ့ခြင်းဖြစ်သော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီ (NLD) က ထိုနေရာသုံးခုစလုံးကို အနိုင်ရရှိခဲ့သည်။

အဆိုပါတိုင်းရင်းသားရေးရာဝန်ကြီးများသည် ၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့သည့် တိုင်းရင်းသားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေအရဆိုရလျှင် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိစေရေးအတွက် အကာအကွယ်ပေးခြင်းများ၊ စာပေ၊ စကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ သမိုင်းမွေအနှစ်များ စူးစမ်းရှာဖွေဖော်ထုတ်ခြင်းများ၊ လူမှုဘ၀ဖွံဖြိုးရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးများနှင့် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားနေသော အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းများပြုလုပ်ပေးရန်မှာ ၎င်းတို့၏ အဓိကတာဝန်ဟုဆိုရမည်ဖြစ်သည်။

သို့သော်လည်း ၂၀၁၆ မှ ၂၀၂၀ အထိ ရွေးကောက်ခံရသည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးများသည် ရိုးရာပွဲတွေ တက်ရောက်ခြင်းများနှင့် တိုင်းရင်းသားစာပေသင်တန်းများကို ထောက်ပံ့ငွေများပေးအပ်ခြင်းဆိုင်ရာ ကိစ္စတချို့တွင်သာ တွေ့မြင်ခဲ့ရပြီး အဆိုပါ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရှမ်းတိုင်းရင်းသားများအခက်အခဲများကို ကူညီဖြေရှင်းပေးမှု အားနည်းခဲ့သဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများရှိလာခဲ့သည်။

ယင်းသို့ တိုင်းရင်းသားရေးရာဝန်ကြီးများ၏ တာဝန်များလစ်ဟင်းမှုနှင့်ပတ်သက်၍  ဥပဒေအသက်ဝင်မှု အားနည်းသည့်အပြင် ဥပဒေကိုကိုင်စွဲအသုံးပြုမှုလည်း နည်းပါးနေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လက်ရှိရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က ဖွင့်ဟခဲ့သည်။

ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးများ၏ နယ်မြေသုံးခုလုံးသည် ရှမ်းတိုင်းရင်းသားတို့၏ သမိုင်းကြောင်းများ၊ အမွေအနှစ်များ တည်ရှိနေသည့် နယ်မြေများဖြစ်ပြီး ရှမ်းပဒေသရာဇ်များ၊ စော်ဘွားများပတ်သက်သည့် သမိုင်းကြောင်းများလည်း ရှိနေသဖြင့် အဆိုပါ နယ်မြေများတွင် ရွေးကောက်ခံရသည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ထိုကိစ္စအပေါ်သတိချပ်မိရန် လိုအပ်မည်ဖြစ်ကာ ယင်းနယ်မြေများတွင် စာပေယဉ်ကျေးမှုများ တိုးတက်ရေးအတွက် ဒေသခံ ရှမ်းတိုင်းရင်းသားများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်သည်။

ထို့ပြင် စာပေပြန့်ပွားရေး၊ ယဉ်ကျေးမှုများတိမ်ကောမှုမရှိစေရေးနှင့် ယဉ်ကျေးမှုမြင့်တင်ရေးလုပ်ငန်းများကို စာပေယဉ်ကျေးမှုကော်မတီများ၊ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ ဆောင်ရွက်သင့်သော်လည်း ၂၀၁၁ မှ ၂၀၂၀ အထိ အစိုးရသက်တမ်း နှစ်ဆက်တွင် ရွေးကောက်ခံရသည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် အထက်ပါကိစ္စရပ်များကို လုပ်ဆောင်ရန် လစ်ဟင်းခဲ့သည်ဟု ဒေသခံများက ဝေဖန်လျက်ရှိသည်။

ထို့ကြောင့် ယခုနှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ၎င်းတို့၏ တိုင်းရင်းသားများအတွက် မည်မျှအထိ လုပ်ဆောင်ပေးနိုင်မည်လဲဆိုသည်မှာ စောင့်ကြည့်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရှမ်းနီတိုင်းရင်းသမားမျိုး နွယ်စုတို့အဓိကနေထိုင်ကြပြီးစီမံကိန်းတွေကြောင့် ပျက်စီးရတဲ့ လယ်ယာမြေကိစ္စများ၊ တိုင်းရင်းသား အခွင့်အရေး ချိုးဖောက်ခံရမှုများရှိနေသဖြင့် ၎င်းတို့ကို ဥပဒေနှင့်အညီ ကာကွယ်ပေးနိုင်မည့်  တိုင်းရင်းသားရေးရာဝန်ကြီးများကို မျှော်လင့်လျက်ရှိသည်။ထို့ကြောင့်ပင် ယင်းနေရာသုံးခုလုံးကို NLD က အနိုင်ရရှိခဲ့မှု၏ အဖြေလည်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ၂ဝ၂၁ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းမည့် NLD ၏ အစိုးရအဖွဲ့တွင် ပါဝင်လာမည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးများကို ဆန်းစစ်မည်ဆိုပါက လက်ရှိတာဝန်ယူနေသည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး သုံးတွင် မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်မှ လက်ရှိ ရှမ်းတိုင်ရင်းသားရေးရာဝန်ကြီးတို့နှစ်ဦးက လာမည့် အစိုးရသက်တမ်းငါးနှစ်တွင် ပြန်လည်ပါဝင်လာမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ ရှမ်းတိုင်းရင်းသားဝန်ကြီးသာ အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းသည် တိုင်းဒေသကြီးလွှတ်တော်၏ တိုင်းရင်းသားရေးရာကော်မတီ လက်ရှိဥက္ကဌတာဝန်ယူထားသည့်သူဖြစ်သဖြင့် တိုင်းရင်းသားရေးရာနှင့်ပတ်သက်၍ အတွေ့အကြုံရင့်သန်သူဖြစ်သည်။

ထို့ကြောင့် ယခုရွေးကောက်ခံရသည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးများသည် အတွေ့အကြုံရှိသူများဖြစ်ပြီး အာဏာအပ်နှင်းခံရသည့် NLD ပါတီမှဖြစ်သဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေကို အသက်ဝင်အောင်နှင့် ယင်းဥပဒေပါအတိုင်း တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ စာပေ၊ ယဉ်ကျေးမှုများကို တိုးတက်မြင့်မားရေးတို့အတွက် လုပ်ဆောင်မည်ဆိုပါက လုပ်ဆောင်နိုင်သည့် အခြေအနေများရှိနေသည်ဟု ယူဆရနိုင်သည်။

ဆိုရလျှင် ဟန်ပြဝန်ကြီးများမဟုတ်ဘဲ မိမိတို့တိုင်းရင်းသားလူမျိုးအတွက် မားမားမတ်မတ်ရပ်တည်နိုင်သည့် ဝန်ကြီးများအဖြစ် မြင်တွေ့ရနိုင်ဖွယ်ရှိနေကြောင်းနှင့် ယင်းသို့ ဖြစ်/မဖြစ်ဆိုသည်မှာ လာမည့်အစိုးရသက်တမ်းငါးနှစ်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Most read this week

May 6, 2021
NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ လက်ရှိဖြစ်ပေါ်နေသည့်...
April 24, 2021
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သည် ဧပြီ ၁၆ ရက်က အမျိူးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG...
April 19, 2021
CRPH က ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ဧပြီ ၁၆ ရက်က တရားဝင်...