နိုင်ငံရေးတွင် စေတနာများနှင့်ကျေးဇူးတရားတို့ကို ကျင့်သုံးပါက နိုင်ငံရေး၏ လွတ်လပ်မှု၊ မျှတမှုနှင့် အမှန်တရားများ ဖုံးအုပ်ခံရမည်ဖြစ်ပါသည်။ သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် အထူးသဖြင့်် ချင်းပြည်နယ်၏ နိုင်ငံရေးဖြစ်စဉ်များကို လေ့လာကြည့်ပါက နိုင်ငံရေးသမားများ နှင့် အစိုးရဝင်များကိုယ်တိုင် စေတနာနှင့် ကျေးဇူးတရားတို့ကို မကြာခဏအသုံးပြုခဲ့ကြသည်ကို သတိထားမိလာသည်။ အထူးသဖြင့် ရွေးကောက်ပွဲကာလတွင် ပို၍ သိသာမြင်သာတွေ့လာရသည်။
ထို့ကြောင့် နိုင်ငံတော်၏စေတနာတို့၊ အစိုးရ၏ကျေးဇူးတရားတို့ ဆိုသည့်ပြောဆိုချက်များသည် ပြည်သူလူထု၏ နိုင်ငံရေးအမြင်များကိုလွှမ်းမိုးလာပြီး ပြည်သူလူထု၏ နိုင်ငံရေးအသိဉာဏ်အားနည်းမှုကို ရွေးကောက်ပွဲရလဒ် အတွက် အသုံးချမှုများ ဖြစ်လာကာ နိုင်ငံရေးကိုပင် အကျည်းတန်စေကြောင်း တွေ့ရှိလာရသည်။
ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်တွင် အစိုးရသည်အလုပ်အကျွေးပြုသူ ၊ ပြည်သူသည် အလုပ်အကျွေးပြုခံရသည့်အုပ်စုအသွင်ဖြင့် ဆက်ဆံခဲ့ကြသည်။ ထို့ကြောင့် အစိုးရ၏ စေတနာ၊ နိုင်ငံတော် ၏ကျေးဇူးတရား စသည့်ကိစ္စများဖြစ်ပေါ်လာခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင် ချက်များမှ ပြည်သူလူ ထုသည် ဖိနှိပ် ခံရသူ၊ အုပ်ချုပ်ခံရမည့်သူ ၊ အစိုးရသည် အုပ်စိုးပိုင်သူ အမိန့်ပေး နိုင်သူဟူသည့် အာဏာပိုင်တို့၏ အာဏာ စက်ဝန်းကို ချဲ့ထွင်ချင်သည့်အတွက်ကြောင့်သော်လည်းကောင်း၊ ၎င်းတို့၏အာဏာပိုင်မှုကို ပြည်သူလူထုမှ ပိုမိုလေးစားအသိအမှတ်ပြုစေရန်အတွက် အသုံးပြုခဲ့ကြဟန်တူသည်။
ပြည်သူလူထုတချို့ကလည်း အစိုးရအာဏာပိုင်တို့၏ ပြည်သူကို ချုပ်ကိုင်အုပ်စိုးမှုဟူသည် တရား ဝင်ဖြစ်သည် ဟူသည့် အမြင်များရှိလာသည်။ စင်စစ်အားဖြင့် အစိုးရဟူသည် ပြည်သူ၏ကိစ္စ ရပ်များအတွက် ပြည်သူအာဏာ ကိုယ်စား လုပ်ပိုင်ခွင့်ပေးထားသည့် ပြည်သူကိုဝန်ဆောင်မှုပေးရမည့် အဖွဲ့များသာဖြစ် သည်။ အဘယ့်ကြောင့် ဆိုသော် အစိုးရအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူမှ လုပ်ပိုင်ခွင့်၊ ကိုယ်စားပြုခွင့်ပေးသကဲ့သို့ ပြည်သူ၏ဘဏ္ဍာငွေများကိုပင် လစာအဖြစ်ပေးထားခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ကြောင့် ပြည်သူကိုဝန်ဆောင်မှု ပေးခြင်းနှင့် ကိုယ်စားပြုအရေးဆိုခြင်းများသည် ၎င်းတို့၏လုပ်ဆောင်ရမည့်အဓိကတာဝန်ဖြစ်သည့်အတွက် ထိုအရာများအား ကျေးဇူးဆပ်ရန် စေတနာဟုမှတ်ယူရန်အကြောင်း မရှိဟုပင်ဆိုနိုင်ပေသည်။ စေတနာ ကျေးဇူးဆပ်ရမည်ဟုမှတ်ယူတုံ့ပြန်မှုကပင်လျှင် အဂတိတရား၏အစပင် ဖြစ်သည်။
ယနေ့မြင်နေရသောကိစ္စများသည် များစွာလွှဲမှားမှုများရှိနေသေးသည်ကိုတွေ့ရသည်။ ယခင်အာဏာရှင်ခေတ်တွင် ၎င်းစကားအသုံးအနှုန်းဖြင့် ပြည်သူကိုဆက်ဆံမှုများသည် အထူးဆန်းမဟုတ်သော်လည်း ဒီမိုကရေစီခရီးကို လျှောက်လှမ်းနေသည့် ယနေ့လိုကာလမျိုး အထူးသဖြင့် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် အစိုးရ၏စေတနာ၊ ကိုယ်စားလှယ်၏လုပ်ဆောင်ပေးမှုကျေးဇူးများသည် ပြည်သူများ၏ ထောက်ခံမှုများအတွက် နိုင်ငံရေးအဂတိ တရားဟုပင်ဆိုနိုင်ပေသည်။ ထိုအရာသည် ရွေးကောက်ပွဲရလဒ်များကိုပင် များစွာ အပြောင်းအလဲဖြစ်စေ နိုင်သည့်အတွက် ပြည်သူ၏ နိုင်ငံရေးအသိဉာဏ်နည်းပါးမှုကို အသုံးချ၍ နိုင်ငံရေး လိမ်လည်မှုဟုပင်ဆိုနိုင် ပေသည်။ အဘယ့်ကြောင့်နည်း။ ချင်းပြည်နယ်၏ ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးမှုများကို သာဓကယူ၍ ဆက်လက်ဆော်ပြသွားမည်ဖြစ်ပါသည်။
၂၀၁၅-၂၀၂၀ အစိုးရအတွင်း ချင်းလူမျိုး ဒု-သမ္မတ ပေးသည့် အတွက် “အစိုးရကို ပြန်လည်ကျေးဇူးဆပ်ရန် ပြောဆိုမှုများစွာရှိလာသည်။ ဆိုရလျှင် ကျေးဇူးမကန်းသင့်ကြောင်း ရွေးကောက်ပွဲ အတွက်ပင်ပြောဆိုမှုများရှိ သည်ဟုသိရသည်။
စင်စစ်အားဖြင့် ချင်း၊ ကချင်၊ ရှမ်း စသည့်ကဲ့သို့သော လူမျိုးတိုင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ခဲ့ကြသည့် လူမျိုးများဖြစ်ပါသည်။ ထို့ကြောင့် ဤနိုင်ငံကိုဦးဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်ခွင့် ပါဝင်မှုများသည် အခွင့်ထူးဟုရှုမြင်ရန် အကြောင်းမရှိပေ။ ဆက်ဆိုရပါမူ နိုင်ငံသားတိုင်း နိုင်ငံရေးတွင် ဦးဆောင်သည့် သမ္မတကဲ့သို့သောရာထူးများကို ရယူခွင့်ရှိရမည်သာဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော ရာထူး နေရာများ ကိုစေတနာအဖြစ်လည်းကောင်း၊ ကျေးဇူးတရားဟူ၍လည်းကောင်း မှတ်ယူနေသေးပါက မိမိတို့အနေဖြင့် အိမ်ရှင်စိတ် ဓာတ်မရှိသေးကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်မရှိသေးကြောင်း၊ တနည်းအားဖြင့် ဒုတိယတန်းစားနေရာမှ တွေးခေါ်နေခြင်းသာဖြစ်သည်ဟု ဆိုရမည်သာဖြစ်သည်။
တစ်ဖန် ပြည်သူ့ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများသည်လည်း ပါတီတစ်ခု၊ အစိုးရ၊ ကိုယ်စားလှယ်များ လုပ်ပေးသည်ဟူ၍ မြင်တွေ့လာရပြန်သည်။ ထိုအချက်သည် ချင်းပြည်နယ်၏ ရွေးကောက်ပွဲရလဒ်များကို များစွာ အပြောင်း အလဲဖြစ်စေကြောင်း သုံးသပ်မိသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းပါတီကို မဲမပေးပါက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောက်ရွက်ရာတွင် ဒေသခံကျေးရွာများကို ချန်ထားကြမည်ကို ပြည်သူများမှစိုးရိမ်ကြသည်ကို လေ့လာ တွေ့ရှိရသည်။ ဥပမာ - လွန်ခဲ့သော ငါးနှစ်က အစိုးရဖွဲ့ခွင့်ရသည့်ပါတီကို မဲမပေးသည့်အတွက် ဖွံ့ဖြိုးရေးအပိုင်းတွင် လစ်လျှူရှုချန်လှပ်ခံရသည့် ကျေးရွာများရှိသည်ဟု သိရသည်။
ထိုအခြေနေသည် ဖွံ့ဖြိုးမှုအားနည်းနေသေးသည့် ချင်းပြည်နယ်ကဲ့သို့သော ဒေသအတွက် ရွေးကောက်ပွဲတွင် ပြည်သူများ၏ အလေးပေး ရွေးချယ်မှုများကို ဆန်းစစ်ရာတွင် များစွာအလွန်အရေးပါနေကြောင်းတွေ့ရသည်။ အစိုးရနှင့် ကိုယ်စားလှယ်မျာကိုယ်တိုင် မဲပေးသည့်ကျေးရွာ မဲမပေးသည့်ကျေးရွာ စသည့်ခွဲခြားဆက်ဆံမှုများကို များစွာမြင်နေရသည့်အတွက် ပြည်သူများ၏စိုးရိမ်စိတ်များကိုပင် နားလည်နိုင်ပေသည်။
စင်စစ်အားဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်မှုသည် အစိုးရ၊ အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ လုပ်ဆောင်ရမည့်တာဝန်သာဖြစ်သည်။ သို့သော်လည်း နိုင်ငံရေးအတွက် ကစားကွတ်သဖွယ် အသုံးပြုလာကြရာ နိုင်ငံရေးအတွက် ကိုယ်စားပြုမှုအတွက် မဖြစ်မနေလိုအပ်သည့် ရွေးကောက်ပွဲမဲထည့်မှုများသည် ဖွံ့ဖြိုးရေးအတွက် အလှဲအလယ်လုပ်ဆောင်သည့် အပေးအယူများဖြစ်လာသည်ဟုပင် ဆိုနိုင်သည်။
ထိုသို့ ဒေသဖွံဖြိုးမှုအတွက် အပေးအယူလုပ် မဲဆွယ်ခဲ့မှုများက အနာဂတ်အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုများကို အဟန့်အတား ဖြစ်စေရုံသာမက ဌာနဆိုင်ရာများနှင့် ရွေးကောက်ခံကိုယ်စားလှယ်များအတွက် ညှိနှိုင်းရခက် ခဲ သည့်ကိစ္စများလည်းဖြစ်ပေါ်စေသည့်အပြင် ကျေးရွာပြည်သူများကြားမှာပင် စည်းလုံးညီညွတ်မှု ပျက်ပြား စေသည်ကိုတွေ့ရှိရသည်။
ထို့အပြင် ခွဲခြားဆက်ဆံမှုများက မဲပေးသည့်ကျေးရွာနှင့် မပေးသည့်ကျေးရွာများသာမက ပံ့ပိုးဝန်းရံသည့် ကုမ္မဏီများနှင့် မဝန်းရံသည့် ကုမ္ပဏီများကိုပင် တင်ဒါလုပ်ငန်းများချပေးရတွင် ခွဲခြားမှုများကို တွေ့ကြုံရပြန်သည်။ ထိုကိစ္စများသည် နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးအဂတိတရားများပင်ဖြစ်သည်။
ထို့ကြောင့် အစိုးရစေတနာ၊ ကျေးဇူးဆပ်မဲထည့်ခြင်းများ ပြည်သူများအကြား လွှမ်းမိုးနေပါက စဉ်ဆက်မပြတ်ဖွံ့ဖြိုးရမှု အဟန့်အတားဖြစ်စေရုံ သာမက တိုင်းရင်းသာများအကြား စည်းလုံးညီညွတ်မှုများကိုပင် ဆုံးရှုံးနိုင်ကာ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးအတွက် အတားအဆီးဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
Published
Thursday, December 31, 2020
မဲထည့်ကျေးဇူးဆပ်ခြင်းနှင့် နိုင်ငံရေးအဂတိတရား