NLD ပါတီနှင့် ကချင်အခြေစိုက် တိုင်းရင်းသားပါတီသုံးခုတို့ နှစ်ဆန်း ၁ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းက “သူတို့ဖိတ်တော့ ဖိတ်ထားတယ်။ နှစ်ဆန်း ၁ ရက်နေ့။ နှစ်သစ်မှာကျွန်တော်တို့ NLD ပြည်နယ်ရုံးမှာ မနက်ပိုင်းတွေ့ဖို့ ချိန်းထားတယ်။ သူက ကချင်တိုင်းရင်းသားပါတီက အနိုင်ရကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ ဖြစ်လိမ့်မယ်။ စုပေါင်းတွေ့ဖြစ်လိမ့်မယ် ထင်တယ်။ ပါတီ သုံခုလောက်နဲ့တွေ့မယ်လို့ ထင်တယ်။ သူတို့က ဘယ်လိုရယ်လို့မပြောဘူး။ အဲမှာ တွေ့ဆုံဖို့ပဲပြောတယ်” ဟုပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည့် တိုင်းရင်းသားပါတီများမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) နှင့် ဒီမိုကရေစီပါတီသစ် (ကချင်) (NDP-K) တို့ပါဝင်သည်ဟုသိရကြောင်း ဦးရွှေမင်းက ပြောသည်။
NLD ပါတီနှင့် နှစ်ဆန်း ၁ ရက်တွင် တွေ့ဆုံမည့်သတင်းနှင့်ပတ်သက်၍ KSPP ဒု-ဥက္ကဋ္ဌ - ၂ ဦးကွမ်ဂေါင် အောင် ခမ်းကလည်း အတည်ပြုပြောကြားခဲ့ပြီး ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးမည့် အကြောင်းအရာများကို ယနေ့ (ဒီဇင် ဘာ ၃၁ ရက်) ပြုလုပ်မည့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးတွင် အတည်ပြုချက် ရယူသွားမည်ဟု ဆိုသည်။
ဦးကွမ်ဂေါင်အောင်ခမ်းက “ကျွန်တော်တို့က မနက်ဖြန် CEC အစည်းအဝေးမှာ ဆုံးဖြတ်ကြမှာပါ။ ကျွန်တော်တို့ ဆွေးနွေးမဲ့အကြောင်းအရာတွေကို CEC ကနေ ဆုံးဖြတ်သွားဖို့ရှိပါတယ်” ဟုပြောသည်။
KSPP အနေဖြင့် NLD အား တင်ပြဆွေးနွေးမည့် အချက်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးတွင် အတည်ပြုချက်ရယူသွားမည်ဆိုသော်လည်း အဓိကတင်ပြဆွေးနွေးနိုင်သည့် အချက်နှစ်ချက်ရှိသည်ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ဆက်လက်ပြောသည်။
၎င်းက “ဒါပေမယ့် ကျွန်တော်တို့ ပြောနိုင်တာ နှစ်ချက်တော့ရှိပါတယ်။ ဒါကတော့ အမြဲတမ်းပြောဆိုရမယ့် ကိစ္စကတော့ ပထမအချက်အနေနဲ့ ၁၉၄၇ ပင်လုံစာချုပ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ဒါဖြစ်ပါတယ်။ ဒါကိုတင်ပြသွားဖို့ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့တော့ ကျွန်တော်တို့ ပူးပေါင်း ၆ ပြည်နယ်အနေနဲ့ပဲ နောင်ကို တွေ့ဖို့ဆန္ဒရှိတယ်ဆိုတဲ့ဟာ တင်ပြဖို့ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဒီနေ့ ပြောနိုင်တဲ့အချက ပေါ့နော်” ဟုပြောသည်။
ပူးပေါင်း ၆ ပြည်နယ်တွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ကရင် အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD၊ မွန်ညီညွတ်ရေးပါတီ MUP နှင့် ရခိုင်အမျိုးသားပါတီ ANP ပါတီတို့ပါဝင်ကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။
ဦးရွှေမင်းကလည်း “အဓိက သူတို့ ဘာတွေ ပြောမလဲပေါ့ဗျာ။ အဓိက သူတို့က တွေ့ဆုံရတဲ့ ခေါင်းစဉ်က ကျနော်တို့က မသိရ တဲ့ အခါကျတော့ ကျနော်တို့က ဘာမှ ပြင်ဆင်ထားတာ မရှိဘူး။ သူတို့ပြောတာကို နားထောင်မယ် ဒါပေ မယ့် လိုအပ်လာရင် ကျနော်တို့ရဲ့ CEC မှာ တင်ပြဆွေးနွေးမယ် အဲလိုလေးပဲ ကျနော်တို့ အကြမ်းဖျင်း ပြီးရင် သူတို့ကပါတီကို ဖိတ်တဲ့ သဘောရယ်လို့ တိုက်ရိုက်မဟုတ်ဘူးဗျား။ အနိုင်ရ ကိုယ်စား လှယ်ကို ဖိတ်တဲ့ သဘောပဲလို့ ကျွန်တော်နားလည်တယ်” ဟုပြောသည်။
NLD အနေဖြင့် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်သည့် ပါတီ၏ ဗဟိုအလုပ် အမှု ဆောင် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ပြီး ဒေါက်တာ အောင်မိုးညို၊ဒေါ်နန်းခင်ထွေးမြင့် နှင့် ဦးအင်ထုံးခမ်းနော်ဆန်တို့ ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။