ရွေးကောက်ပွဲရလဒ်များကို လက်မခံသည့်သဘောသက်ရောက်စေသော ထုတ်ပြန်ချက်များမပြုလုပ်ရန် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများကို UEC သတိပေး

ရွေးကောက်ပွဲရလဒ်များကို လက်မခံသည့်သဘောသက်ရောက်စေသော ထုတ်ပြန်ချက်များမပြုလုပ်ရန် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများကို UEC သတိပေး
by -
ကောင်းကျော်နိုင်

ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ်များကို လက်မခံသည့်သဘောသက်ရောက်စေ‌သော ထုတ်ပြန်ချက်များမပြုလုပ်ရန် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးထုတ်ပြန်ချက်တစ်ခု ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် ယခုအချိန်ကာလသည် ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲနေ့တွင် ဖြစ်ပွားခဲ့သည့် ရဲအရေးပိုင်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် တရားမဲ့ပြုကျင့်မှုအတွက် တင်သွင်းလာသည့် ကန့်ကွက်လွှာများကို စစ်ဆေးနေသည့်ကာလဖြစ်ပြီး ယင်းရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပျက်ပြားစေရန် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများက ပါဝင်ဆောင်ရွက်ခြင်းမပြုလုပ်ရန် အသိပေးထားသည်။

ယခုအခါ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲစာရင်းနှင့်စပ်လျဉ်း၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် မြို့နယ်အချို့၏ မဲစာရင်းများထုတ်ပြန်လျက်ရှိပြီး ၎င်းမဲစာရင်းသည် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ဒုတိယအကြိမ်ကြေညာမည့် မဲစာရင်းတွင် အမည်မပါက တောင်းဆိုရန်၊ မပါသင့်သူများပါပါက ကန့်ကွက်ရန်၊ အချက်အလက်မှားယွင်းနေပါက ပြင်ဆင်ရန် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုသာ PDF ဖိုင်ဖြင့် ဖြန့်ဝေထားသည့် မဲစာရင်းဖြစ်ကြောင်းနှင့် ထိုမဲစာရင်းကို PDF ဖိုင်မှ Excel ဖိုင်အဖြစ်သို့ပြောင်း၍ မဲစာရင်းထပ်သည်၊ မှတ်ပုံတင်အမှတ်မပါ၊ မဲမသမာမှုဖြစ်နိုင်သည်စသည်ဖြင့် ဒုတိယအကြိမ် ထုတ်ပြန်ပေးသည့်မဲစာရင်းကို အခြေခံ၍ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု UEC၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မဲစာရင်းကပ်ထားစဉ် မဲဆန္ဒရှင်များလားရောက်ကြည့်ရှု၍ ထပ်မံလျှောက်ထားသည်များရှိသဖြင့် ၎င်းမဲစာရင်းကို ထပ်မံပြင်ဆင်ဖြည့်စွက်ရသည်များရှိကြောင်း၊ ထို့ကြောင့် ယင်းမဲစာရင်းသည် နောက်ဆုံးမဲစာရင်းမဟုတ်ကြောင်း ထိုထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

သို့သော်လည်း အဆိုပါမဲစာရင်းများသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်တို့ စုပေါင်းပြုစုထားသည့် မဲစာရင်းဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် မဲရုံအဖွဲ့ဝင် ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များနှင့် အကူကိုယ်စားလှယ်များစသည်တို့၏ ရှေ့မှောက်တွင် ဆောင်ရွက်ခဲ့သည့် ရွေးကောက်ပွဲလုပ်ငန်စဉ်ဖြစ်သည်ဟု UEC ထုတ်ပြန်ချက်က ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲကို ကိုဗစ်ဖြစ်ပွားနေသည့်ကာလအတွင်း ကျင်းပခဲ့သော်လည်း မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့သည့်အတွက် ပြည်တွင်း/ပြည်ပမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာခေါင်းဆောင်မျာနှင့် မဲဆန္ဒရှင်များကိုယ်တိုင် အသိအမှတ်ပြုထားသည့် ရွေးကောက်ပွဲဖြစ်သည်ဟု UEC ၏ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ယခုအခါ မဲမသာမှုဖြစ်နိုင်သည့် မဲစာရင်းများအား တပ်မတော်နှင့် နိုင်ငံရေးပါတီတချို့က ထုတ်ပြန်လျက်ရှိပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအနေဖြင့် မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ ထုတ်ပြန်လာသည်မှာ တတိယအကြိမ်ပင်ရှိနေပြီဖြစ်သည်။

ထိုသို့ မဲစာရင်းများစိစစ်တွေ့ရှိချက်များ ထုတ်ပြန်မှုနှင့်ပတ်သက်၍ ဥပဒေအတိုင်း ဆက်လက်လုပဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...