မွန်တွင် ပြည်ခိုင်ဖြိုးပါတီဝန်ရံသူများက စတုတ္ထမြောက် ဆန္ဒထုတ်ဖော်မှုကို မော်လမြိုင်၌ပြုလုပ်

မွန်တွင် ပြည်ခိုင်ဖြိုးပါတီဝန်ရံသူများက စတုတ္ထမြောက် ဆန္ဒထုတ်ဖော်မှုကို မော်လမြိုင်၌ပြုလုပ်
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လုပ်ဆောင်ချက်များကို ဆန့်ကျင်ကြောင်း စတုတ္ထမြောက်ဆန္ဒထုတ်ဖော်မှုကို မော်လမြိုင်မြို့တွင် ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သည်။

 

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို မော်လမြိုင်မြို့ ဗဟိုလမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် လူဦးရေ ၃၀ ခန့်ဖြင့် နံနက် ၁၀ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

"မဲစာရင်းတွေ ပြန်လည်စစ်ဆေးတဲ့အခါမှာ ပေါ်ပေါက်မှုတွေရှိပါတယ်။ မှတ်ပုံတင်ထပ်နေတာတို့၊ မှတ်ပုံတင်မရှိတာတို့၊ အသက်မပြည့်တာတို့ အဲ့တာလေးတွေပေါ်ပေါက်ပါတယ်။ သုံးသောင်းကျော် တွေ့ရှိထားပါတယ်" ဟု မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူက ပြောသည်။

 

မော်လမြိုင်မြို့ရှိ ရပ်ကွက် ၄၂ ခုတွင် မဲစာရင်းကွာဟမှု ၃၇၃၀၈ ဦးရှိကြောင်း UEC မှရရှိသည့် စာရင်းများအရ စစ်ဆေးတွေ့ရှိထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

"အဲ့တာတွေမှာ မဲစာရင်းထပ်နေတာတွေ၊ အမည်တူတာတွေ၊ မှတ်ပုံတင်မပါတာ မှတ်ပုံတင်ထပ်နေတာ အသက်မပြည့်တာတွေ အဲ့ဒီစာရင်းတွေကို ခြုံပြီးတော့စစ်ကြည့်လိုက်တဲ့အခါမှာ အနှစ်ချုပ်အနေနဲ့ ၃၇၃၀၈ ဦးတွေ့ပါတယ်" ဟု ၎င်းကပြောသည်။

 

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပါတီတချို့နှင့် ပြည်ခိုင်ဖြိုးပါတီတို့က စုံစမ်းရေးကော်မတီဖွဲ့ပေးရန်၊ မဲစာရင်းကိန်းဂဏန်းများကို တရားဝင်ကူးယူခွင့်ပေးရန်၊ မဲမသမာမှုများကို ဖော်ထုတ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော်သမ္မတတို့ထံ အိပ်ဖွင့်ပေးစာပေးပို့၍ တောင်းဆိုခဲ့သော်လည်း ပြန်လည်ဖြေရှင်းပေးခြင်း မရှိသည့်အတွက် ယခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

“UEC ရဲ့ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ အနေထားနဲ့ပတ်သက်ပြီးတော့ ပါတီဝန်းရံသူတွေ ထောက်ခံသူတွေ သူတို့ကိုယ်တိုင် ခံစားခံရတဲ့ အဖြစ်အပျက်တွေအပေါ်မှာ အားမလိုအားမရဖြစ်တယ်ပေါ့။ ရလဒ်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ခံစားချက်တွေ ဖော်ထုတ်တဲ့ကိစ္စဖြစ်တော့ ကျွန်တော်တို့အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုလိုပဲ ပြောချင်တာပေါ့နော်” ဟု မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေမှူး ဦးဝင်းမော်ဦးက ပြောသည်။

 

မွန်ပြည်နယ်တွင် ပထမဦးဆုံး ဆန္ဒထုတ်ဖော်မှုအဖြစ် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက သံဖြူဇရပ်မြို့နယ်တွင်ပြုလုပ်ခဲ့ပြီး မုဒုံမြို့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့တို့၌ ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မွန်ပြည်နယ်အတွင်း နေရာအားလုံတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေသော်လည်း တစ်နေရာမှ အနိုင်ရခြင်းမရှိပေ။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...