ရခိုင်လူငယ်စင်တာ (သို့မဟုတ်) ရခိုင်အမျိုးသားစင်တာတစ်ခု ပေါ်ပေါက်လာရေး မဖြစ်မနေလုပ်ဆောင်သွားမည်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ခံထားရသော ဒေါ်ထုမေက ပြောကြားခဲ့သည်။
ဒေါ်ထုမေသည် လက်ရှိ အမျိုးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ယခုနှစ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ သူမအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးစဉ်ကာလက ကတိကဝတ် ၁၀ ခုပေးခဲ့ကြောင်းနှင့် ရခိုင်လူ ယ်စင်တာတစ်ခု ပေါ်ပေါက်ရေးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
“ရွေးကောက်ပွဲတုန်းကတော့ အသေးစိတ် ကတိတွေပေးထားခဲ့တယ်။ အဲကတိတွေထဲမှာ တပေါင်းတည်းလုပ်လို့ရမယ့် ကိစ္စတွေလည်းရှိမယ်။ အဲဒါထဲက ကျွန်မအတွက် အရေးကြီးဆုံးကိစ္စ၊ ပြည်သူတွေအတွက်လည်း မဖြစ်မနေလုပ်ရမယ့် ကိစ္စကတော့ ရခိုင် စင်တာတစ်ခုပေါ့။ ရန်ကုန်တိုင်းကရတဲ့ ဘတ်ဂျက်နဲ့ ရခိုင်စင်တာတစ်ခုကို အကောင်းဆုံး စီမံနိုင်လို့ရှိရင်တော့ ရန်ကုန်မှာရှိတဲ့ ရခိုင်လူထုတွေအတွက်သာမက ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် လူသားအရင်းအမြစ်တွေကို မြင်တင်ပေးနိုင်မယ်လို့တော့ မြင်မိပါတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်နှင့်ရခိုင်ပြည်သူများ ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ရခိုင်နိုင်ငံရေးသမားများ၊ ရခိုင်စီးပွားရေးသမားများနှင့် ရခိုင်ပညာရှင်တွေပူးပေါင်း၍ ညီညီညွတ်ညွတ်လုပ်ဆောင်ပေးရန် ဒေါ်ထုမေက အကြံပြုပြောကြားခဲ့သည်။
ဒေါ်ထုမေအနေဖြင့် ရွေးကောက်ပွဲမတိုင်မီက ကတိ ၁၀ ခုပေးခဲ့ပြီး ၎င်းတို့မှာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ပြည်သူများ ဘဝလုံခြုံရေးနှင့် တရားဥပဒေ၏ အကာအကွယ်ပေးမှုကို အပြည့်အဝရရှိရေးအတွက် ဥပဒေပညာရှင်များနှင့် လက်တွဲဆောင်ရွက်ရေး၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု လူငယ်များအတွက် ရခိုင်လူငယ်စင်တာ သို့မဟုတ် ရခိုင်အမျိုးသားစင်တာတစ်ခု ပေါ်ပေါက်လာရေး၊ လက်နက်ကြီးပဋိပက္ခကြောင့် ရန်ကုန်တိုင်းဒေသကြီးသို့ ပြောင်းရွှေ့ရောက်ရှိလာကြသော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုနှင့် အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရေး၊ အနာဂတ်ရခိုင်ပြည်နယ်အတွက် ကဏ္ဍပေါင်းစုံတွင် လိုအပ်မည့် ရခိုင်လူစွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရေး ရခိုင်အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဂုဏ်သိက္ခာရှိရှိဘဝတိုးတက်မှုဆောင်ရွက်နိုင်ရေးနှင့် ရခိုင့်ရင်သွေးကလေးသူငယ်များ အနာဂတ်ကောင်းမွန်ရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ရေး၊ ရခိုင်မျိုးနွယ်စုဝင် တတ်သိပညာရှင်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ရခိုင့်လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အသီးသီးမှ ရခိုင့်ရပ်မိ/ရပ်ဖများ၊ ရခိုင်လူငယ်များ၊ အမျိုးသမီးများနှင့် ဆွေးနွေးပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများနှင့် အခြားတိုင်းရင်းသားများအကြား နားလည်မှု ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ရေးကိုလည်း ရှေးရှုဆောင်ရွက်သွားရေး၊ ရခိုင်တိုင်းရင်းသားပြည်သူများကိုယ်စားပြု သံတမန်တစ်ဦးအဖြစ်ရပ်တည်၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ကာ ရခိုင့်အကျိုးသယ်ပိုးနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်သွားရေး၊ ရခိုင်တိုင်းရင်းသားပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မြင့်မားရေးအတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဖော်ထုတ် ကြိုးပမ်းဆောင်ရွက်ရေးနှင့် ရခိုင်စာပေ၊ ယဉ်ကျေးမှု၊ အနုပညာမြှင့်တင်ရေးနှင့် ရခိုင့်ရိုးရာအားကစားနည်းများ ဖော်ထုတ်ရေးတာဝန်ကို အစွမ်းကုန် ထမ်းဆောင်သွားရေးဟူ၍ ဖြစ်သည်။