သထုံမြို့နယ်တစ်ခုတည်းတွင်ပင် မဲစာရင်းကွာဟမှု လေးသောင်းနီးပါးရှိဟု ပြည်ခိုင်ဖြိုးပါတီပြော

သထုံမြို့နယ်တစ်ခုတည်းတွင်ပင် မဲစာရင်းကွာဟမှု လေးသောင်းနီးပါးရှိဟု ပြည်ခိုင်ဖြိုးပါတီပြော

မဲစာရင်းများကို ပြန်လည်စိစစ်မှုအရ မွန်ပြည်နယ်၏ သထုံမြို့နယ်တစ်ခုတည်းတွင်ပင် မဲစာရင်းကွာဟမှု လေးသောင်းနီးပါးရှိကြောင်း သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခွဲမှ ဥက္ကဌ ဦးမျိုးမင်းဌေးက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောသည်။

“ကျွန်တော်တို့က အခုလောလောဆယ်ကတော့ ဘာလုပ်ထားသလဲဆိုတော့ အရင်ရခဲ့တဲ့ ပုံစံ ၁ ပေါ့နော်။ မဲစာရင်း Register အပေါ်မှာ အခြေခံပြီးတော့ ကျွန်တော်တို့ စစ်ဆေးထားတဲ့ အပိုင်းလေးတွေရှိတယ်။ အဲဒီမှာမှ ကွာဟချက်လေးတွေ ရှိတယ်ပေါ့နော်။ ဥပမာ - မှတ်ပုံတင် ထပ်နေတဲ့သူတွေ၊ မှတ်ပုံတင်မပါတဲ့ သူတွေ၊ နောက်ဆုံး ကျွန်တော်တို့က မဲရုံတစ်ရုံချင်းအလိုက် လိုက်စစ်လိုက်တဲ့အချိန်မှာ မဲစာရင်းထဲမှာ အသက် မပြည့်တဲ့ သူပါ ပါတယ်၊ အဲဒီလိုမျိုးတွေပေါ့။ ကျွန်တော်တို့ စစ်လိုက်တဲ့အခါမှာ ကွာဟချက် လေးသောင်းလောက်တော့ရှိမယ်" ဟု ၎င်းကပြောသည်။

အဆိုပါ တွေ့ရှိချက်များသည် မဲရုံတစ်ရုံချင်းစီကို ကနဦး စစ်ဆေးထားချက်များသာဖြစ်ပြီး အတိအကျ တိုက်ဆိုင်စိစစ်နိုင်ရန် နောက်ဆုံးမဲစာရင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ထံမှ တောင်းဆိုထားပြီး ၎င်းစာရင်းများရခဲ့ပါက မြို့နယ်အလိုက် စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ဦးမျိုးမင်ဌေးက ပြောသည်။

ယခုအခါ သထုံမြို့နယ် ပြည်ခိုင်ဖြိုးအနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုများကို အဖြေရှာနေပြီး ရရှိလာသည့် အချက်အလက် များကို နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်သို့ အစီအရင်ခံစာတင်ပြထားကာ တစ်ဖက်တွင်လည်း ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် မွန်ပြည်နယ်တစ်ခုထဲတွင် ရွေးကောက်ပွဲကန့်ကွက်လွှာ ၁၈ ခု တင်သွင်းထားကြောင်း သိရသည်။

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးရုံးခွဲကလည်း ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ မသမာမှုအထောက်အထားများ ဆက်သွယ်ပေးပို့နိုင်ကြောင်း နိုဝင်ဘာ ၁၀ ရက်က စတင်ကာ ထုတ်ပြန်ကြေညာထားသည်။

ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက ရွေးကောက်ပွဲကော်မရှင်အား အယုံအကြည်မရှိကြောင်း ကန့်ကွက်ဆန္ဒပြမှုများကို မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ ခုတွင် လုပ်ဆောင်ရန်စီစဉ်ထားပြီး လက်ရှိတွင် သံဖြူဇရပ်၊ မုဒုံ၊ သထုံ မြို့နယ်များတွင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ဒီဇင်ဘာ ၃၀ တွင် မွန်ပြည်နယ်မြို့တော် မော်လမြိုင်တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...